Tuesday, December 11, 2012

မြန်မာ့လယ်ယာထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် နေရာပျောက်ဆုံးနေ၍ လယ်ယာလုပ်ငန်းသည် တောင်သူများအား ဆင်းရဲမှုဘ၀သို့ တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာ့လယ်ယာထုတ်ကုန်များ ကမ္ဘာ့ဈေးကွက်တွင် နေရာပျောက်ဆုံးနေ၍ တောင်သူများအတွက် လယ်ယာလုပ်ငန်းသည် ဆင်းရဲမှုဘ၀သို့ တွန်းပို့နေသကဲ့သို့ဖြစ်နေပြီး ဈေးကွက်တွင်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နေရကြောင်း လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။

“တောင်သူတွေအနေနဲ့ လယ်ယာစီးပွားလုပ်ငန်းကနေ ထိုက်သင့်တဲ့ အကျိုးခံစားခွင့် မရနိုင်တဲ့ အခြေအနေတွေကြောင့် လယ်ယာလုပ်ငန်းဟာ ၎င်းတို့ကို ဆင်းရဲမှုဘ၀သို့ တွန်းပို့သကဲ့သို့ ဖြစ်နေခဲ့တယ်။ အဓိကကတော့ နည်းပညာနဲ့ ကိရိယာတွေ နိမ့်ကျနေတာ၊ အလေအလွင့်များနေတာ၊ ဈေးကွက်မှာ လည်း နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ အဲဒီ ကဏ္ဍတွေ ဖြည့်ဆည်းပေးနိုင်ဖို့ နိုင်ငံတကာရဲ့ အကူအညီတွေ လိုအပ်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။

လက်ရှိတွင် လယ်ယာကဏ္ဍ၌ လူဦးရေ ၃၂ သန်းကျော် လုပ်ကိုင်လျက်ရှိကာ အမှန်တကယ် စိုက်ပျိုးနိုင်သည့် မြေဧရိယာမှာ ဟက်တာသန်းပေါင်း ၁၁.၉၃ သန်းရှိပြီး စုစုပေါင်း မြေဧရိယာသည် ဟက်တာ ၆၇.၆၆ သန်း ရှိသည့်အတွက် မြေဧရိယာ၏ ၁၈ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း သိရသည်။

သီးနှံအသားတင်စိုက်ပျိုးမြေ ဟက်တာ ၁၁.၉၃ သန်းတွင် ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှုမှာ ဟက်တာ ၁.၅ သိန်းခန့်ရှိနေပြီး ရွှေ့ပြောင်းတောင်ယာစနစ်ကြောင့် သစ်တောများ ပြုန်းတီးမှုနှင့် မြေဆီလွှာ ပျက်ဆီးဆုံးရှုံးနေမှုများ ဖြစ်ပေါ်နေသည့်အတွက် ယင်းစနစ်အစား သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သော ကုန်းမြင့်လယ်ယာနှင့် လှေကားထစ်လယ်ယာစနစ်တို့ကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်ကြောင်း သိရသည်။

ရွှေ့ပြောင်းတောင်ယာစနစ်ကို ကချင်ပြည်နယ်တွင် ၁၀၉၄၇ ဟက်တာ၊ ကယားပြည်နယ်တွင် ၁၅၈၂၉ ဟက်တာ၊ ချင်းပြည်နယ်တွင် ၅၉၅၈၁ ဟက်တာ၊ ရှမ်းပြည်နယ်တွင် ၇၁၅၈၇ ဟက်တာ လုပ်ကိုင်လျက်ရှိပြီး ရွှေ့ပြောင်းတောင်ယာစနစ်ပပျောက်စေရန်နှင့် လှေကားထစ်စိုက်ပျိုးရေး စနစ် ဖော်ထုတ်နိုင်ရန်၊ ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်စားပင်သီးပင်များဖြစ်သည့် လက်ဖက်၊ ရော်ဘာနှင့် ပိုးချည်လုပ်ငန်းများကို ထူထောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်များအရ သိရသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် သုတေသနလုပ်ငန်း၊ နည်းပညာ၊ ဈေးကွက်၊ ငွေကြေးအရင်း အနှီး၊ ပစ္စည်းကိရိယာနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းနိုင်မှု အားနည်းနေခြင်းတို့ကို ဖြည့် ဆည်းပေးရန် လိုအပ်နေကြောင်း၊ လယ်ယာကဏ္ဍဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အခြားကဏ္ဍများထက် များစွာနည်းပါးနေကြောင်း သိရသည်။

နိုင်ငံ၏ စုစုပေါင်းဂျီဒီပီတန်ဖိုး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆ ဘီလျံ၌ လယ်ယာကဏ္ဍ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁ ဘီလျံသာ ပါဝင်နိုင်ပြီး လယ်ယာကဏ္ဍ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံသာ ရှိသည့်အတွက် အာရှဒေသရှိ စိုက်ပျိုးရေးနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေသည့်အတွက် အရင်းအနှီး၊ ငွေကြေးနှင့် နည်းပညာ၊ ဈေးကွက်လို အပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် များစွာလိုအပ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment