Thursday, December 27, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲတော် ကျင်းပ လူထုအနေနှင့် အရည်အချင်းမရှိ၊ စိတ်ဓာတ်မမြင့်မားပါက သယံဇာတရှိလည်း မချမ်းသာနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

  ha-27-12-2
 ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် နှစ်နှစ်ပြည့် ရန်ပုံငွေပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး ပြည်သူလူထု အရည်အချင်းမရှိ၊ စိတ်ဓာတ်မမြင့်မားပါက သယံဇာတရှိလည်း နိုင်ငံမချမ်း သာနိုင်ဟု ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် သယံဇာတအားဖြင့် အလွန်ချမ်းသာကြွယ်ဝသည့် နိုင်ငံဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံအချို့ကိုကြည့်ပါက သယံဇာတရှိသည့်နိုင်ငံများ မဟုတ်ကြောင်း၊ သို့သော် ယင်းနိုင်ငံများသည် ၎င်းတို့၏ နိုင်ငံသူနိုင်ငံသားများကို ရတနာများဖြစ်အောင် ပြုစုပျိုးထောင်နိုင် ခဲ့ကြောင်း၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကိုလည်း ယင်းကဲ့သို့ ရတနာများ ဖြစ်စေချင်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသွားသည်။
'' နိုင်ငံတစ်နိုင်ငံ ချမ်းသာတယ်ဆိုတာ အဓိက ပြည်သူပြည်သားတွေရဲ့ အရည်အချင်းပေါ်မှာ အများကြီး တည်ပါတယ်။ ဒီနိုင်ငံမှာ သယံဇာတပစ္စည်းတွေ ဘယ်လောက်များနေများနေ၊ ပြည်သူလူထုဟာ အရည် အချင်းမရှိဘူး၊ စိတ်ဓာတ်မမြင့်မားဘူးဆိုရင် ချမ်းသာနိုင်မှာ မဟုတ်ပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာဝအရဆင်းရဲခြင်းမဟုတ်ဘဲ စနစ်ကြောင့် ဆင်းရဲသည်ဆိုသည်ကို အများကြီး သိပြီးဖြစ်ကြောင်း၊ ယင်းစနစ်ကိုပြောင်းရန် ပြောင်းပုံပြောင်းနည်း မှန်ကန်ရန် လိုအပ်ပြီး ယင်းအတွက် ပြည် သူတွေက ပညာတတ်ရန် လိုအပ်ကြောင်း၊ အလွတ်ကျက်ပြီး စာမေးပွဲတွင် ချရေးခဲ့သောစနစ်သည် တိုင်းပြည်အတွက် အကျိုးမရှိခဲ့ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသွားသည်။
''စိတ်ဓာတ်ရေးရာ မြင့်မားလာမှ၊ ခိုင်မာလာမှ၊ တည်ကြည်လာမှ နိုင်ငံတိုးတက်မယ်။ ပညာဆိုတာ စာ အုပ်တွေအများကြီး ဖတ်ထားတာကို ပြောတာမဟုတ်ဘူး။ ဘ၀ရဲ့ပြဿနာတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်အောင် ကြိုးစားနိုင်တာကသာ ပညာပါ။ ဆရာမပြောတဲ့အတိုင်း အလွတ်ကျက်ပြီး စာမေးပွဲမှာ ချရေးလိုက်တာမျိုးက ကျွန်မတို့ရဲ့ တိုင်းပြည်ကို အနှစ်ငါးဆယ်ကျော် ဘာတစ်ခုမှ အကျိုးမပြုခဲ့ဘူး'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါပညာရေးကွန်ရက်ပွဲတွင် နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း နှုတ် ခွန်းဆက်စကား ပြောကြားခဲ့သည်။
သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကပင် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုအောင်မြင်ရန် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အလွန်အရေးကြီးကြောင်း၊ ယင်းအတွက် ကလေးများကို ငြိမ်းချမ်းရေးတည်ဆောက်ရန် သင်ခန်းစာယူရမည့် အဖြူအမည်းသမိုင်းကြောင်းများကို သင်ရိုးညွှန်းတမ်း များတွင် ထည့်သွင်းသင်ကြားပေးသွားရမည် ဖြစ်ကြောင်း၊ လူမှုရေးသိပ္ပံ၊ နိုင်ငံရေးသိပ္ပံပညာများကိုလည်း စနစ်တကျ ပြန်သင်သွားရမည်ဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပညာရပ်ပေါင်းများစွာကို လေ့လာဆည်းပူးခဲ့သည့်အတွက် လွတ်လပ်ရေးရရှိရန် ထိရောက်ထက်မြက်သည့် ဦးဆောင်မှုများ ပေးနိုင်ခဲ့ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားသွားသည်။
ဖွင့်ပွဲအခမ်းအနားတွင် အလှူငွေလှူဒါန်းခြင်းများပြုလုပ်ခဲ့ရာ Sky Net နှင့် Shwe FM က တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှုနှင့် အနုပညာကြေးကုန်ကျငွေ ကျပ်သိန်း ၁၃၀၀၊ AGD Bank၊ Air Bagan နှင့် Bagan Entertainment က ငွေကျပ်သိန်းငါးရာနှင့် စတေ့ခ်ျစင်နှင့် စက်ပစ္စည်းများငှားရမ်းခ ကျပ်သိန်းနှစ်ရာ၊ MDG က ကျပ်သိန်းတစ်ရာ၊ Asia World Company က ကျပ်သိန်းငါးဆယ် အပါအ၀င် စုစုပေါင်းအလှူငွေ ကျပ်သိန်းနှစ်ထောင်ကျော် လက်ခံရရှိခဲ့သည်။
ပညာရေးကွန်ရက် ရန်ပုံငွေပွဲတော်တွင် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲများ၊ ဒေါ်အောင်ဆန်းစုကြည် ၏ အမှတ်တရပစ္စည်းနှစ်ခုကို လေလံတင်ရောင်းချပွဲများပါဝင်ပြီး ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့ နှစ်ရက်ဆက်ပြုလုပ်သွားမည် ဖြစ်သည်။

Ref: Eleven Media Group

No comments:

Post a Comment