Wednesday, December 19, 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုဟု သက်ဆိုင်ရာသို့ တင်ပြထား

 191
ပုဂ္ဂလိကမှ နှစ်ရှည်ငှားရမ်း လုပ်ကိုင်လိုသည်ဟု တင်ပြထားသည့် ကိုကိုးကျွန်း၏ ဆိပ်ကမ်းတစ်ခုအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး နယ်နိမိတ်အတွင်းရှိ ကိုကိုးကျွန်းအား ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတစ်ခု က နှစ်ရှည်ငှားရမ်းလုပ်ကိုင်လိုသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လာရောက်တင်ပြ ထားကြောင်း သတင်းရရှိသည်။
အဆိုပါ ကုမ္ပဏီက ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုသည်ဟု Proposal သဘောမျိုး ယေဘုယျ လာရောက်တင်ထားခြင်းဖြစ်ပြီး နှစ်ရှည်ငှားခွင့်ဆိုရာတွင် နှစ် ၅၀ အထိ ငှားရမ်းလုပ်ကိုင်လိုခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“လာတင်ပြတဲ့ ကုမ္ပဏီကတော့ ကိုကိုးကျွန်းကို ငှားရမ်းလုပ်ချင်တယ်ဆိုပြီးတော့ ယေဘုယျ လာတင် ထားတဲ့သဘောပါ၊၊ ဘာမှ အတိအကျမလုပ်သေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုကိုးကျွန်းသည် ကုန်းမြေနှင့် အဆက်အစပ်မရှိသော ပင်လယ်ပြင်ထဲတွင် သီးခြားတည်ရှိနေသည့် ကျွန်းတစ်ခုဖြစ်ပြီး မပျက်စီးသေးသော သဘာဝသယံဇာတအများအပြား တည်ရှိနေကာ ကျွန်းပတ်လည်ရှိ ပင်လယ်ပြင်၏ ရေအရောင်သည် အမျိုးမျိုးကွဲပြားခြားနားကြောင်း၊ ပင်လယ်ရေပြင်မှာ အလွန်ကြည်လင် ကာ  ရေအောက် ၁၀ ပေအနက်အထိ ထိုးဖောက်မြင်တွေ့နိုင်ကြောင်း ပြီးခဲ့သည့် ၂၀၁၀ နှစ် ဆန်းပိုင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်က ကောက်ယူခဲ့သော ကိုကိုးကျွန်း အား လေ့လာမှု အစီရင်ခံစာအရ သိရသည်။
ထို့ကြောင့် ပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းအတွက် သဘာဝအခြေခံနေရာတစ်ခုဖြစ်ပြီး ယခင် ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မြန်မာ့ကြယ်ငါးပွင့်သင်္ဘော လုပ်ငန်းက ကိုကိုးကျွန်း ခရီးစဉ်ကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် ပြေးဆွဲခဲ့သော်လည်း မကြာမီရပ်နားခဲ့သည်။
ကိုကိုးကျွန်းသည် အက်ဒမန်ကျွန်းစုနှင့် ဆက်စပ်လျက်ရှိပြီး ၁၇ ရာစုအစပိုင်း ရခိုင်ရာဇ၀င် အရ မြောက်ဦးခေတ် ရခိုင်ဘုရင် မင်းရာဇာလက်ထက် ၁၆၀၀-၁၆၁၃ တွင် ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီမှ ကူးသန်းရောင်းဝယ်ရေးနှင့် သံတမန်ရေးရာကိစ္စများဆောင်ရွက်ရန် အက်ဒမန်ကျွန်းတွင် တစ်ထောက် နားခွင့်ပြုရန် တောင်းဆိုခဲ့ရာ ရခိုင်ဘုရင်မှ ခွင့်ပြုခဲ့ကြောင်း၊ ထို့နောက် အင်္ဂလိပ်တို့မှ အိန္ဒိယနိုင်ငံအား သိမ်းပိုက်စဉ် အက်ဒမန်ကျွန်းအားလုံးမှာ အင်္ဂလိပ်လက်ထဲသို့ ကျရောက်ခဲ့ပြီး ၁၉၃၅ ခုနှစ် အင်္ဂလိပ် ကိုလိုနီလက်ထက်တွင် မြန်မာ- အိန္ဒိယ တွဲရေးခွဲရေး မဲခွဲဆုံးဖြတ်ခဲ့ရာ ခွဲရေးအနိုင်ရရှိသဖြင့် မြန်မာနိုင်ငံမှ ကျွန်းအား သီးခြားအုပ်ချုပ်ခွင့် ရရှိခဲ့သည်။
ကိုကိုးကျွန်းအား ငှားရမ်းလုပ်ကိုင်လိုကြောင်း လာရောက်တင်ပြသည့် ကုမ္ပဏီကိုမူ ထုတ်ပြန်ခြင်း မပြုဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြထားသည်ဟု သိရသည်။

Ref: Eleven Media Group

No comments:

Post a Comment