Monday, December 31, 2012

ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန်ထွက်ရှိ

နိုင်ငံခြားသို့ ပညာသင်သွားကြသော ကျောင်းသားကျောင်းသူများ၊ စကားပြန်များ၊ ဧည့်လမ်းညွှန်များ၊ သင်္ဘောသားများ၊ နိုင်ငံခြားသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများ၊ နိုင်ငံတကာသို့ ခရီးသွားနေသူ များအတွက် ရည်ရွယ်၍ ဘာသာစကား ၃၂ မျိုးကို အပြန်အလှန် ဘာသာပြန်ပေးနိုင်သော အဘိဓာန် တစ်မျိုးကို ဒီဇင်ဘာလ ၁၅ ရက်တွင် စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း KMD Computer Group မှသိရသည်။

အဆိုပါ အဘိဓာန်ထဲတွင် အင်္ဂလိပ်ဘာသာစကား၊ ဂျာမန်ဘာသာစကား၊ ဒတ်ခ်ျဘာသာစကား၊ ဒိန်းမာ့စ်ဘာသာစကား၊ ရုရှားဘာသာစကား၊ ဟင်ဒီဘာသာစကား၊ တူရကီဘာသာစကား၊ အာရေဗျ ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ ဖိလစ်ပိုင်ဘာသာစကား၊ ထိုင်းဘာသာစကား၊ စပိန် ဘာသာစကား၊ အီတလီဘာသာစကား၊ ဆွီဒင်ဘာသာစကား၊ နော်ဝေဘာသာစကား၊ ပါကစ္စတန်ဘာသာ စကား၊ ဘင်္ဂါလီဘာသာစကား၊ တမိုင်းလ်ဘာသာစကား၊ ဗီယက်နမ်ဘာသာစကား၊ ဂျပန်ဘာသာစကား၊ နီပေါလ်ဘာသာစကား၊ ပြင်သစ်ဘာသာစကား၊ ပေါ်တူဂီဘာသာစကား၊ အင်ဒိုနီးရှားဘာသာစကား၊ မြန်မာ ဘာသာစကား၊ တရုတ်ဘာသာစကား၊ လာအိုဘာသာစကား၊ ခမာဘာသာစကား စသည့် ဘာသာစကား ၃၂ မျိုးကို ထည့်သွင်းထားကြောင်း သိရသည်။ ထို့အပြင် အင်္ဂလိပ်ကြိယာ ၇၅၀၀ ကျော်၏ ပုံစံပြောင်းလဲ အသုံးပြုပုံ၊ နာမ် ၃၀၀၀၀ ကျော်၏ ပုံစံပြောင်းလဲအသုံးပြုပုံ၊ နာမ၀ိသေသန ၃၂၀၀၀ ကျော် ပုံစံပြောင်းလဲ အသုံးပြုပုံတို့ပါဝင်သည်။ ဘာသာပြန်နည်းပညာ M32.IC ပါဝင်သောကြောင့် ဘာသာစကား ၃၂ မျိုးနှင့် သက်ဆိုင်သော အချက်အလက်များကို စက်ထဲတွင် သိုလှောင်သိမ်းဆည်း ထားပြီး ရှုပ်ထွေးဆန်းပြားသော နည်းစနစ် (အယ်လဂိုရီသမ်) များကို အသုံးပြုထားခြင်းကြောင့် ရှာလိုသော စကားလုံးအတိအကျကို သွားရောက်ရှာဖွေပေးနိုင်သည်။ “ဘာသာစကားတစ်ခုစီကို စကားလုံးပေါင်း ၅၀၀,၀၀၀ ခန့်ပြန်ဆိုနိုင်တယ်။ ရှာဖွေတဲ့ ဘာသာစကားကို စက်ထဲမှာ သိမ်းဆည်းထားတဲ့ စကားလုံးနဲ့ တူညီလို့ရှိရင် သူနဲ့သက်ဆိုင်သော အခြားစကားလုံးတွေနဲ့ အဲ့ဒီစကားလုံးရဲ့ ဘာသာပြန်အတိအကျ ကို ဖော်ပြပေးတယ်။ မတူညီရင်လည်း Text translate function ကိုအသုံးပြုပြီး ကြည့်နိုင်တယ်။ စက်ထဲမှာဆိုရင် အောက်စဖို့ဒ် အမေရိကန် အဘိဓာန် စကားလုံးနှစ်သိန်းခွဲလောက်ကို ထည့်ထားပေးတဲ့ အတွက် စကားလုံးအသုံးအနှုန်းတွေကို နက်နက်နဲနဲ ရှာဖွေပေးနိုင်တယ်။ ယခုလ ၁၅ ရက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့တွေကို ဖြန့်ချိနေပါပြီ။ အီလက်ထရွန်းနစ်ဆိုင်တွေနဲ့ စာအုပ်ဆိုင် ကြီးတွေမှာ ရရှိနိုင်မှာဖြစ် တယ်။ ဈေးနှုန်းက ၈ သောင်း ၉ ထောင်နဲ့ ၀ယ်ယူနိုင်မှာဖြစ်တယ်။ ယခုလ ၁၅ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ ပရိုမိုးရှင်းအနေနဲ့ ၈ သောင်း ၄ ထောင်ကျပ်နဲ့ ရရှိမှာပါ” ဟု KMD မှ ကိုရဲထူးမောင်ကပြောသည်။

ထို့အပြင် စက်ထဲတွင် Collins ဥပမာစာကြောင်းများ ထည့်သွင်းထားသောကြောင့် American English နှင့် British English တို့ကို ခွဲခြားသိနိုင်မည်ဖြစ်သည်။ မိမိအသံနှင့် စက်ထဲမှ အင်္ဂလိပ်လူမျိုး၏အသံ ကို နှိုင်းယှဉ်သော စနစ်တို့လည်း ပါဝင်သည်။ ယူနစ်များ ပြောင်းလဲခြင်း၊ အသံသွင်းခြင်း၊ ဂိမ်း၊ ဖော်မြူလာ၊ အသံဖတ်ခြင်း၊ ဂဏန်းတွက်ချက်ခြင်း၊ သိပ္ပံဆိုင်ရာတွက်ချက်ခြင်း၊ အချိန်ပြောင်းလဲခြင်း၊ ငွေကြေးပြောင်း လဲခြင်းတို့ကိုပါ ထည့်သွင်းထားသည်။ အရွယ်အစားအားဖြင့် ၄.၅ x ၀.၈ လက်မ ၁၁.၄ x ၇.၆ x ၂ စင်တီမီတာခန့်ရှိပြီး၊ LCD backlight LCD အသုံးပြုထားပြီး မျက်နှာပြင်အစက်ပေါင်း ၃၂၀ x ၂၄၀ နှင့် စာကြောင်းရေ ၉ လိုင်း စာလုံးပေါင်း ၄၀ ရှိသည်။ ပါကင်တွင်ပါသော အခြားပစ္စည်းများအနေဖြင့် ဘက်ထရီ ၂ ခု x AAA၊ နားကြပ်တစ်ခု၊ ကွန်ပျူတာနှင့်ချိတ်ဆက်ရန် ကြိုး၊ အညွှန်းစာအုပ် (မြန်မာနှင့်အင်္ဂလိပ်)၊ တို့ကို ထည့်သွင်းထားသည်။

ရေးသားသူ -အေးဖြူ ၊ ဝေေ၀
Ref: Myanmar Internet Journal

No comments:

Post a Comment