ဒီဇင်ဘာလ ၁၇ ရက်နေ့က ထားဝယ်ရေနက်ဆိပ်ကမ်းသို့ လာရောက်သည့်
ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်၏ အဖွဲ့တွင် လိုက်ပါလာသော လေယာဉ်တစ်စီးသည်
အင်ဂျင်ပိုင်းပြဿနာ ဖြစ်ပွားခဲ့ ၍ လေယာဉ်ပျံတက်နိုင်ခြင်း မရှိဘဲ
ထားဝယ်လေဆိပ်၌ ညအိပ်ရပ်နားခဲ့ရကြောင်း သတင်းရရှိသည်။
ထိုင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် မီဒီယာများ စီးနင်းလိုက်ပါလာသော
အင်ဂျင်လေးလုံးပါ C-130 လေယာဉ်သည် ယင်းနေ့ ညနေပိုင်းတွင် ထားဝယ်လေဆိပ်မှ
ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် အင်ဂျင်စက်နှိုးစဉ် လေယာဉ်၏
ညာဘက်အင်ဂျင်တစ်လုံး ပါဝါမတက်သောကြောင့် ဘန်ကောက်သို့
ထွက်ခွာနိုင်ခြင်းမရှိဘဲ ရပ်နားထားခဲ့ရကြောင်း သိရသည်။
“မနေ့က အဲ့ဒီလေယာဉ်နဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ လေယာဉ်နှစ်စီး
ထားဝယ်လေဆိပ်ကို ရောက်ရှိလာပါတယ်။ C-130 မှ လေယာဉ် အမှူထမ်းနဲ့ ခရီးသည် ၄၆
ယောက် ပါလာပါတယ်။ ATR-72 က ၀န်ကြီးချုပ် စီးလာပါတယ်။ ညနေပိုင်း
ထိုင်းကိုပြန်ဖို့လုပ်တော့ C-130 က ညဘက်အင်ဂျင်တစ်လုံး ပါဝါမတက်တဲ့အတွက်
လေယာဉ်ကို ထားဝယ်လေဆိပ်မှာ ညအိပ်ရပ်နားခဲ့ရပြီး ခရီးသည်တွေကိုတော့ ထားဝယ်က
ဟိုတယ်တွေမှာ ညအိပ်ဖို့ စီစဉ်ပေးခဲ့ရပါတယ်။ ၀န်ကြီးချုပ်ရဲ့ လေယာဉ်ကတော့
ထိုင်းနိုင်ငံကို ပျံသွားပါတယ်။ ဒီနေ့မနက်က သူတို့ထိုင်းလေယာဉ်
အင်ဂျင်နီယာ ၁၁ ယောက်လာပြီး လေယာဉ် ကို ပြန်လည်ပြုပြင်နေပါတယ်။ ခရီးသည် ၂၀
ဦးနဲ့ လေယာဉ်အမှူထမ်း ၁၁ ယောက်ကိုတော့ အင်ဂျင်နီယာတွေကို ခေါ်လာတဲ့
ထိုင်းလေယာဉ်နဲ့ ခေါ်သွားပါပြီ။ ITD က လေယာဉ်ငယ်မှာတော့ ၁၄
ယောက်ပါသွားပါတယ်။ အခု ထားဝယ်လေယာဉ်ကွင်းမှာ လေယာဉ်မှူး တစ်ယောက်ပဲ
ကျန်ခဲ့ပါတယ်” ထားဝယ်လေယာဉ်ကွင်း လုံခြုံရေးအဖွဲ့က ပြောကြားခဲ့ပါသည်။
ထိုင်းဝန်ကြီးချုပ် ယင်လတ်နှင့် အဖွဲ့သည် မြန်မာနိုင်ငံသမ္မတ
ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံအခြေစိုက် ITD (Italian-Thai Development
Public Co.,Ltd) က အကောင်အထည်ဖော် တည်ဆောက်နေသည့်
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းတွင်
တွေ့ဆုံဆွေးနွေးရန် ရောက်ရှိလာခြင်းဖြစ် သည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၁၃ ရက်နေ့
ကလည်း မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စီး သည် ပြည်တွင်းခရီးစဉ်
ပျံသန်းနေစဉ်အတွင်း အင်ဂျင်ပိုင်းချို့ယွင်းမှု ဖြစ်ပေါ်ခဲ့သဖြင့်
ထားဝယ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသေးကြောင်း သတင်းရရှိသည်။
Ref: Eleven Media Group
No comments:
Post a Comment