Sunday, December 16, 2012

ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ် မတိုင်မီ ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။ “ခရီးစဉ် မပျက်ပါဘူး။ နဂိုစီစဉ်ထားတဲ့အတိုင်းပါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် က ပြောပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော်ကျေးရွာခရီးစဉ်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှ လေကြောင်းဖြင့် ကော့သောင်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် မြိတ်မြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသေးစားပေါက်ကွဲမှုမှာ ဒေါ်အောင်ဆန်းစုကြည် ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော်ကျေးရွာများသို့ သွားရောက်ရန် စီစဉ်ထားသောခရီးစဉ် မစတင်မီ ကံမော်ကျေးရွာ ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့် အချိန်က အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာရှိ ဦးနောင်မဲပိုင်ဆိုင်သည့် ကွင်းပြင်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောရန် ဆောက်လုပ်ထားသည့်စင်မြင့်နှင့် ကွင်းပြင်များကို ကံမော်ကျေးရွာရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များမှ သန့်ရှင်းရေးလုပ်ဆောင်နေစဉ် အသေးစားပေါက်ကွဲမှု ဖြစ် စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အသေးစား အဆိုပါ အသေးစားပေါက်ကွဲမှုကြောင့် အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

''ဖြစ်တာကတော့ ညနေ ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တာပါ အဲဒီကွင်းပြင်မှာရှိတဲ့ မြက်ခြောက်တွေကို စုပုံပြီး မီးရှို့နေတုန်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ အဲဒီကွင်းမှာက နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတုန်းက စပရေးဘူးတွေ၊ ဂတ်(စ်)မီးခြစ်တွေ စွန့်ပစ်ခဲ့တာဖြစ်နိုင်ပြီး မီးရှို့လိုက်တာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ အဲဒီထဲက အမျိုးသမီးနှစ်ဦးကတော့ ရင်ဘတ်မှာ ခြစ်ရာတစ်ခုနှင့် ပေါင်မှာခြစ်ရာတစ်ခု ဖြစ်ခဲ့တာကြောင့် ဒဏ်ရာကို နှစ်ချက် ချုပ်ပေးလိုက်ရပါတယ် ကျန်တာကတော့ ဆေးထည့်ပေးရုံလောက်ပဲ ဖြစ်ခဲ့ပြီး အခုတော့ အားလုံးကောင်းသွားပါပြီ'' ဟု ကံမော်ကျေးရွာမှ ဒေါက်တာထူးနေအောင်မှ ပြောကြားခဲ့သည်။

ဒေသခံတစ်ချို့မှ ပြောကြားရာတွင် ပေါက်ကွဲမှုဖြစ်ပြီး မီးခိုးလုံးများ ထွက်ပေါ်ခဲ့ကြောင်း ပေါက်ကွဲ မှုဖြစ်ပွားသည့် နေရာမှာလည်း စင်မြင့်အနီးတွင် ဖြစ်သောကြောင့် အမျိုးမျိုးထင်မြင်ချက် များ ပေးနေခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပြီးပြီးချင်း ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ရောက်ရှိလာ ကာ အခင်းဖြစ်ပွားသည့် နေရာတစ်ဝိုက်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

အသေးစားပေါက်ကွဲမှု ဖြစ်ပွားမှုကြောင့်  သန့်ရှင်းရေးလုပ်နေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များဖြစ်သော ဒေါ်ကြူကြူသန်း -၄၄နှစ် (ပေါင်တွင်ဒဏ်ရာအနည်းငယ်-၂ချက်ချုပ်)၊ မဇင်ဇင်အေး -၁၇ နှစ် (ရင်ဘတ်တွင် ဒဏ်ရာအနည်းငယ်-၂ ချက်ချုပ်) တို့ဖြစ်ကာ ဒေါ်ဝင်းကြည်-၅၄ နှစ် (မျက်လုံးအောက်ဘက်တွင်ပွန်းပဲ့) နှင့် မမိုးပွင့်ဖြူ -၁၇ နှစ် (ခါးတွင်ပွန်းပဲ့) တို့ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျွန်းစုမြို့သို့ ရှပ်ပြေးဖြင့်သွားရောက်မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကံမော်ကျေးရွာမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရန် စီစဉ်ထားကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါခရီးစဉ်အတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မိန့်ခွန်းပြောကြားမည်လည်း ဖြစ်သည်။

အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဋ္ဌအနေဖြင့် နိုဝင်ဘာလ ၂၉ မှ ၃၀ ရက်နေ့အထိ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်စီမံကိန်းအပါအ၀င် ကျေးရွာများသို့လည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်၊ ၁၀ ရက်နေ့များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော နတ်မောက် မြို့နယ်အပါအ၀င် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။

Ref: Eleven Media Group

No comments:

Post a Comment