Tuesday, December 11, 2012

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ ထည့်သွင်းကောက်ယူမည်ဟု သိရ

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှု အကြောင်းအရာများကိုပါ မေးမြန်းပြီး ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက အသိပေးထားသည်ဟု သတင်းရရှိသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် တည်နေရာပြ အကြောင်းအရာ များဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်/မြို့နယ်ခွဲ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့/ကျေးလက်၊ စာရင်းကောက်ကွက်အမှတ်၊ အိမ်ထောင်စုအမှတ် စသည်တို့ မေးမြန်းသွားမည်ဖြစ်ပြီး အခြေခံလူဦးရေ ဆိုင်ရာ အချက်အလက်များ၊ ပြောင်းရွှေ့သွားလာမှုဆိုင်ရာ အချက်အလက်များ၊ ပညာရေးဆိုင်ရာ အချက်အလက်များ၊ လုပ်သားအင်အား အကြောင်းအရာ၊ မွေးဖွားခြင်း အကြောင်းအရာ၊ သေဆုံးခြင်း အကြောင်းအရာများကိုလည်း မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အိမ်ထောင်စု၏ ပိုင်ဆိုင်မှုအကြောင်းအရာများ၊ နိုင်ငံခြားရောက် အိမ်ထောင်စု စာရင်းဝင်များ ကိုလည်း မေးမြန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။


၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာ၌ ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅၅ သန်းဝန်း ကျင် ကုန်ကျမည်ဖြစ်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFDA က အမေရိကန်ဒေါ်လာ ငါးသန်းကူညီမည် ဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့ အထိ မြန်မာတစ်နိုင်ငံလုံးအနှံ့ တစ်ပြိုင်နက်တည်း ကောက်ယူသွား မည် ဖြစ်ကြောင်းလည်း သိရသည်။

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာ၌ အထောက်အကူ ဖြစ်စေရန် ၂၀၁၃ ခုနှစ်တွင် မြို့နယ် ၂၀ တွင် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment