Tuesday, October 9, 2012

မြန်မာနိုင်ငံမှ Grand Royal နှင့် အင်္ဂလန်ပရီးမီးယားလိဂ်မှ Chelsea အသင်းတို့ ၂နှစ် အကျိုးတူပူးပေါင်းမှုစာချုပ် လက်မှတ်ရေးထိုး၊ မြန်မာနိုင်ငံရှိ လူငယ်များအတွက် အားကစား သင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် စိတ်ဝင်စားကြောင်း CHELSEA အသင်း တာဝန်ရှိသူပြောကြား

oct9h4
 Mr. Adrian New (MD, Chelsea FC Asia Pacific) နှင့် ဦးအောင်မိုးကျော် (ဥက္ကဌ၊ IBTC) တို့ အမှတ်တရပစ္စည်း လဲလှယ်နေစဉ်
မြန်မာနိုင်ငံမှ Grand Royal နှင့် အင်္ဂလန် ပရီးမီးယားလိဂ်မှ Chelsea FC အသင်းတို့သည် ၂နှစ် အကျိုးတူပူးပေါင်းမှုစာချုပ်လက်မှတ် ရေးထိုးပွဲကို အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ တရားဝင်ပူးပေါင်းမှုမှာ ၂နှစ်တာ ကာလအတွက်ဖြစ်ပြီး Grand Royal သည် မြန်မာနိုင်ငံ တွင် Chelsea FC ၏ တရားဝင်ပါတနာဖြစ်သွားပြီး ဖြစ်ကြောင်း၊ Grand Royal Whisky က Chelsea FC ၏ တရားဝင် ဝီစကီဖြစ်ပြီး Grand Royal Drinking Water မှာ Chelsea FC ၏ တရားဝင်သောက်ရေ သန့် ဖြစ်သွားပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် Grand Royal အနေဖြင့် CHELSEA FC ၏ လိုဂို၊ဘောလုံးသမားများ၏ ဓာတ်ပုံများနှင့် ကုမ္ပဏီနှစ်ခုတံဆိပ်ပါ ကုန်ပစ္စည်းများ ကိုလည်း မြန်မာနိုင်ငံတွင် အရောင်းမြှင့်တင်ရေးကြော်ငြာလုပ်ငန်း အ၀၀တွင် တရားဝင်သုံးစွဲခွင့်ယူလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Grand Royal သောက်သုံးသူ များအနေဖြင့် ၂၀၁၃-၂၀၁၄အာရှခရီးစဉ် ရာသီအစပွဲစဉ်များနှင့် Chelsea FC ၏ လန်ဒန်မြို့၊ Stamford Bridge အိမ်ကွင်းတွင် ကျင်းပမည့် ပွဲစဉ်များကိုလည်း တိုက်ရှိုက်ကြည့် ရှုနိုင်မည့် အခွင့်အရေးများရရှိမည် ဖြစ်ကြောင်း သိရှိရသည်။
Chelsea FC Asia Pacific ၏ Managing Director,Mr. Adrian New က “လွန်ခဲ့တဲ့ တစ် နှစ် လောက်ကဆိုရင် အခုလိုပူးပေါင်း ဆောင်ရွက်တာမျိုး မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ယနေ့အချိန်မှာတော့ Grand Royal လို နာမည်ကြီးတံဆိပ် တစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ လက်ရှိအချိန်မှာ Grand Royal နဲ့ ပူးပေါင်းမှု အောင်မြင်အောင် အရင်ဆုံး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ မြန်မာဘောလုံးလောကအတွက်တော့ လူငယ်တွေအတွက် အားသမားသင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးဖို့ စိတ်ဝင်စားပါတယ်။ ဘယ်အချိန်ဖြစ်မယ်ဆိုတာတော့ အတိအကျမပြောနိုင်ပါဘူး။ အာရှတိုက်မှာ ကျွန်တော်တို့ရဲ့ ဘောလုံးအားကစား သင်တန်းကျောင်း ၇ကျောင်းရှိပါတယ်။ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ အင်ဒိုနီရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေ မှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
IBTC ကုမ္ပဏီစု၏ group Chairman ဦးအောင်မိုးကျော်က ယခုအချိန်အထိ Chelsea အသင်းမှာ အခြေအနေ အကောင်းဆုံးတွင်ရှိနေပြီး လိဂ်အသင်းဇယားတွင်လည်း ထိပ်ဆုံးနေရာယူထားဆဲ ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် ဘောလုံးရာသီတွင်လည်း ဆက်လက် အောင်ပွဲခံနိုင်မည်ဟု မျှော်လင့်ကြောင်း ပြော ကြားခဲ့သည်။
ထိုပြင် မြန်မာနေရှင်နယ်လိဂ် အသင်းတစ်သင်းဖြစ်သည့် IBTC ကုမ္ပဏီစုပိုင် ဟံသာဝတီယူနိုက်တက် အသင်းကို ပြန်လည်အပ်နှံရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံ တင်ပြထားပြီးဖြစ်ကြောင်း ဦးအောင်မိုးကျော် က ဆက်လက် ပြောကြားခဲ့သည်။


No comments:

Post a Comment