Tuesday, October 9, 2012

တာဝန်မဲ့ရေးသားသော အင်တာနက်ဝက်ဘ်ဆိုက်အချို့နှင့် Facebook Account အချို့၏ မမှန်ကန်သောအချက်အလက်များကို တာဝန်သိသူများကဖော်ထုတ်ထောက်ပြရန် တာဝန်ရှိသည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

တာဝန်မဲ့ရေးသားသော အင်တာနက်ဝက်ဘ်ဆိုက်အချို့နှင့် Facebook Account အချို့၏ မမှန်ကန်သော အချက်အလက်များကို တာဝန်သိသူများက ဖော်ထုတ်ထောက်ပြရန် တာဝန်ရှိသည်ဟု မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင်ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်း စုကြည်၏ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် Eleven Media Group မှ မေးမြန်းခဲ့သည့် မေးခွန်း များနှင့်ပတ်သက်၍ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

"အန်တီ့အမြင်ကတော့ ဒီအချက်အလက်တွေက မမှန်ဘူးထင်လို့ရှိရင် မမှန်ကြောင်းကိုဖော်ထုတ်ဖို့ တခြားသူတွေမှာ တာဝန်ရှိတာပေါ့။ ဒီအချက်အလက်တွေက မမှန်ဘူးလို့မြင်ရင်တော့ ဒါဖော်ထုတ်ရမှာပဲ။ ခက်တာကအင်တာနက်က ဒါပဲပေါ့။ အင်တာနက်ရဲ့အားနည်းချက်ပဲပေါ့။ ရေးချင်တဲ့သူကရေးချင်သလို တာဝန်မဲ့ရေးလို့ရတယ်။ တာဝန်မဲ့ရေးလို့ရလို့လည်း တာဝန်မဲ့ရေးတဲ့သူရှိတယ်။ တာဝန်သိတဲ့သူတွေ ကတော့ ဒါကိုထောက်ပြရမှာပဲ။ နောက်တစ်ခုကတော့ ပြည်သူတွေကို ပညာပေးရမယ်။ ဘယ်လိုဘယ်လို ရှိတတ်ပါတယ်ပေါ့။ ဘယ်လိုရေးတာတွေကိုကြည့်ပါ။ ဘယ်လိုဘယ်လိုချင့်ချိန်ပါဆိုတာတွေကို မီဒီယာတွေ က ၀ိုင်းလုပ်ပေးစေချင်တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
အင်တာနက်ပေါ်က မိမိနှင့်သဘောထားမတူသူများကို ကိုယ့်ရန်သူဟုဆိုကာ သဘောတူသည့် သူများပေါင်း သည့်အခါ အစွန်းရောက်သည့်စိတ်များထွက်လာကြောင်း၊ ယင်းကိစ္စမှာ စိုးရိမ်စရာဖြစ်လာသည်ဟု ပညာရှင်များကထောက်ပြကြောင်း၊ မိမိအနေဖြင့်လည်း ယုံကြည်ပါကြောင်း ယင်းကိစ္စများကိုလည်း ယခုကတည်းက စောစောစီးစီးသိထားပြီးတော့ သတင်းလောကမှလူများက တတ်နိုင်သမျှကြိုးစားပြီး လုပ်ဆောင်ပေးကြပါရန် မေတ္တာရပ်ခံလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းဖြေကြားခဲ့ သည်။
Eleven Media Group မှ အယ်ဒီတာချုပ် ကိုဝေဖြိုးက "အန်တီရှင်းသွားတဲ့ အထဲမှာလည်း ပါပါတယ်။ မီဒီယာတွေ သတင်းတွေပျံ့နှံ့ဖို့ အရေးပါတယ်ဆိုတာလည်း ပါပါတယ်။ ကျွန်တော်တို့ သတိထားမိတာက Facebook Account တချို့မှာ အန်တီ့ရဲ့ပြီးခဲ့တဲ့ နယူးယောက်ခရီးစဉ်အပါအ၀င် သတင်းတော်တော် များများကို အဖွဲ့ချုပ်ရဲ့တရားဝင်ဆိုက်တွေထက်ပိုပြီး လျင်လျင်မြန်မြန်ဖော်ပြနေတာတွေ့ရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း အဲဒီဆိုက်တချို့မှာရေးသားတဲ့ အကြောင်းအရာတွေမှာ အချက်အလက် သုံးမျိုးလောက်ကိုတွေ့ရပါတယ်။ ပထမတစ်ချက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်ပြီး နားလည်မှု လွဲမှားနိုင်တဲ့အရေးအသားမျိုးကို တွေ့ရပါတယ်။ ဒုတိယတစ်ချက်ကတော့ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးကိုထိခိုက်နိုင်တဲ့ အရေးအသားမျိုးကိုလည်း တွေ့ရပါတယ်။ တတိယတစ်ချက်ကတော့ မီဒီယာတွေရဲ့ လွတ်လပ်ခွင့်ကိုထိပါးပုတ်ခတ်တဲ့ အရေးအသားများကိုလည်းတွေ့ရပါတယ်။ အဲဒီတော့ တစ်ဖက်မှာ အန်တီ့ရဲ့ခရီးစဉ်အပါအ၀င် Up to Date သတင်းတွေကို ဖော်ပြနေတာရှိတယ်။ တစ်ဖက်မှာ အဲဒါမျိုးတွေရေးတဲ့အတွက် မီဒီယာတွေကြားမှာ၊ အများပြည်သူကြားမှာ အဖွဲ့ချုပ်နဲ့များပတ်သက်ဆက်စပ်မှု တစ်စုံတစ်ရာရှိမလား ထင်မြင်ယူဆစရာရှိတဲ့အတွက် ဒီလိုကိစ္စရပ်တွေအပေါ်မှာ အန်တီ့ရဲ့အမြင်နဲ့ သဘောထားကိုသိချင်ပါတယ်" ဟု မေးမြန်းခဲ့ပြီး "ကျွန်တော်မေးတာက အဲဒီဆိုက်တွေက တိုက်ခိုက် တဲ့အပေါ်မှာပါ။ ဘာကြောင့်ဒီလို မေးရသလဲဆိုတော့ တစ်ဖက်မှာ Myanmar Express ဆိုတဲ့ဝက်ဘ်ဆိုက် ဟာ တိုက်ခိုက်မှုတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံရဲ့အရေးပါတဲ့လူတွေ အန်တီအပါအ၀င် ပေါ့နော်။ ကာယကံရှင်တွေက သည်းခံနိုင်လောက်တဲ့အနေအထားရှိပေမယ့် အများပြည်သူအတွက်တော့ အများကြီး annoyance ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့က အစိုးရနဲ့ပြန်ကြားရေးဌာနကို ဘယ်လိုတာဝန်ယူမလဲ ဆိုတာကို မေးဖို့ရှိပါတယ်။ အဲဒါကြောင့် ဒီဘက်မှာလည်း NLD နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တဲ့ တချို့ Facebook တွေက ခုနပြောတဲ့အကြောင်းအရာသုံးချက်ကို တိုက်ခိုက်နေတဲ့အပေါ်မှာ အန်တီ့ရဲ့ သဘောထားကို သိချင်တာပါ"ဟု ထပ်မံမေးမြန်းခဲ့ပြီး မေးခွန်းများအပေါ် ဒေါ်အောင်ဆန်းစုကြည် က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ဘာမဆိုဒီလိုပဲ။ အကောင်းရော၊ အဆိုးရောရှိတယ်။ အားလုံး ၁၀၀ ရာခိုင်နှုန်းကောင်းတယ်ဆိုတာ ဘာမှမရှိဘူး။ အခု အင်တာနက်ကိစ္စမှာလည်း ဒီလိုအင်တာနက်ရှိလို့၊ တစ် ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုတွေရှိလို့ ပြည်သူတွေအတွက်အကျိုးရှိသလို ပြဿနာတွေလည်းတက်တာပဲ။ ဒါဟာအခု အန်တီတို့နိုင်ငံကိစ္စတင်မဟုတ်ဘူး။ Facebook တွေမှာ ဘာပါလဲဆိုတာ အမှန်ပြောရရင် အန်တီ့မှာကြည့်ဖို့ အချိန်မရှိဘူး။ ကိုယ့်အလုပ်သာ ကိုယ်လုပ်သွားတာပဲ။ ရေးတဲ့သူကတော့ သူတို့ရေးချင်သလိုရေးမှာပဲ။ ဒီတော့ပြန်လည်သင့် မြတ်ရေးနဲ့ပတ်သက်လို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်လို့ ထိပါးတာတွေရှိတယ်ဆိုတာ အဲဒီဟာတွေကတော့ စဉ်းစားစရာနှစ်မျိုးရှိတယ်။ တချို့ကျတော့ သတိပေးတဲ့ အနေနဲ့ ရေးတာဖြစ်နိုင်တယ်။ ဟိုဓမ္မဓိဋ္ဌာန်ကျကျ ကြည့်ကြပါပေါ့နော်။ ဥပမာအားဖြင့် အန်တီကနေပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေ သတိထားကြပါ။ လောပြီးတော့ မလာကြပါနဲ့။ နည်းနည်းပါးပါးလည်း ဟိုဘက်ဒီဘက် ချင့်ချိန်ပြီးကြည့်ပါ။ အကောင်းတွေချည်းပဲ အမြင်မလွန်ပါနဲ့လို့ပြောရင် တချို့ကမကြိုက်ကြဘူး။ ဒါကို အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိပါးတယ်လို့ ထင်တဲ့သူတွေလည်း ရှိရင်ရှိမယ်။ ဒါပေမယ့် ဒါကတော့ မှန်မှန်ကန်ကန် အန်တီပြောရမယ့်ကိစ္စပဲ။ သတိပေးရမယ့်ကိစ္စပဲ။ အဲတော့ အဲဒီဟာ မျိုးပေါ့နော်။ နောက်ဆုံးကျတော့စေတနာပေါ်မှာ တည်တာပေါ့နော်။ စေတနာဆိုတာလည်း ခက်သားပဲ။ မြင်ရတာမှ မဟုတ်ပဲ။ သူတို့ စိတ်ထဲမှာရှိတာပဲ" ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။
"မီဒီယာရဲ့လွတ်လပ်ခွင့်ကို ပြောရမယ်ဆိုရင် မီဒီယာရဲ့လွတ်လပ်ခွင့်ကို မီဒီယာတွေက တာဝန်ယူရမယ်။ တာဝန်သိစိတ်ရှိရမယ်။ အန်တီမှန်မှန်ကန်ကန်ပြောမယ်နော်။ တချို့မီဒီယာလောကထဲကလူတွေ က တော်တော်ထောင်လွှားတယ်။ ငါတို့ကရေးလိုက်ရင် လူတစ်ယောက်ကို သိက္ခာချက်ချင်း တက်အောင် လည်းလုပ်နိုင်တယ်။ သိက္ခာကျအောင်လည်းလုပ်နိုင်တယ်ဆိုပြီး။ အဲဒီစိတ်ဓာတ်နဲ့ မလုပ်ရဘူး။ ပုဂ္ဂိုလ်ရေး စိတ်ဓာတ်မရှိရဘူးလို့တော့ မဆိုလိုပါဘူး။ လူတိုင်းမှာရှိတာပဲ။ အန်တီလည်းခင်တဲ့လူ၊ မခင်တဲ့လူရှိတယ်။ ဒါပေမယ့် အလုပ်မှာလာပြီး ရောင်ပြန်မဟပ်ရဘူး။ ဒါကတော့ ကိုယ့်စိတ်ထဲမှာကိုယ့်အလုပ်လုပ်တဲ့အခါမှာ ဒီလူကိုမကြိုက်လို့ ဒီလူကိုကြိုက်လို့ ဒီလူကိုကြိုက်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြော။ အဲဒါဆိုရင် ပိုကောင်းတယ်။ အန်တီကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥက္ကဋ္ဌဆိုတော့ အဖွဲ့ချုပ်ဘက်က ရပ်တည် မှာပေါ့။ ဒါပွင့်ပွင့်လင်းလင်းပြောလိုက်တာပဲ။ ဒါပေမယ့် တချို့ကျတော့ အခုကြား ဖူးမှာပေါ့နော်။ မြန်မာနိုင်ငံ နဲ့ပတ်သက်လို့ ကျွမ်းကျင်သူတစ်ဦးတို့၊ မြန်မာနိုင်ငံလေ့လာနေတဲ့ ပညာရှင်တစ်ဦးတို့ဆိုပြီးတော့ ဓမ္မဓိဋ္ဌာန် ကျကျသုံးသပ်သလိုနဲ့ ဘက်လိုက်တာတွေအများကြီး တွေ့ရတယ်။ အဲဒါမျိုးဆိုရင်တော့ ဒါကမဖြောင့်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့်ပွင့်ပွင့်လင်းလင်းနဲ့ ကျွန်တော်ကတော့ NLD ဘက်တော်သားဆိုတော့ NLD ဘက် က ရပ်ပြီးရေးတယ်ဆိုရင်ဘာဖြစ်လဲရေးပါစေပေါ့" ဟု ဖြေကြားခဲ့သည်။
တိုင်းရင်းသားပြန်လည်ရင်ကြားစေ့ရေးနှင့်ပတ်သက်၍ ရေးသည့်အခါတွင် အချက်အလက်များ တိကျ မှန်ကန်သလားဆိုသည်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ နောက်တစ်ခုမှာ တရားဥပဒေ၏ သဘောထားတစ်ခု ကို ဘယ်တော့မှမမေ့ရကြောင်း၊ ယင်းမှာ အပြစ်ရှိသည်ဆိုသည်ကို မထင်ရှားသေးသရွေ့အပြစ်မဲ့ဟု သတ်မှတ်ရကြောင်း၊ လူတစ်ယောက်ကိုတရားခံဟု တရားရုံးကမဆုံးဖြတ်ခင် အပြစ်ရှိသယောင် မရေး ရကြောင်း၊ အပြစ်မဲ့သူတိုင်းကို သက်သေအထောက်အထား မခိုင်လုံမချင်း အပြစ်မရှိဟုသာ သတ်မှတ်ရ မည်ဖြစ်ကြောင်း စသည်ဖြင့် ဆက်လက်ပြောကြားခဲ့သည်။

No comments:

Post a Comment