Tuesday, October 9, 2012

အေးရှားဝေါလ်ကုမ္ပဏီမှ အသေးစားလုပ်ငန်းရှင်များကို ပေးရန်ရှိသည့် ငွေကျပ် ၁ ဒသမ ၁ ဘီလျံကျော်ကို ၁၉ လကြာသည်အထိမပေး၍ အသေးစားလုပ်ငန်းရှင်များ လုပ်ငန်းရပ်ဆိုင်းထားရ၊ သုံးလအတွင်းမပေးပါက အေးရှားဝေါလ်ကုမ္ပဏီကို တရားစွဲမည်

 mt3
 အေးရှားဝေါလ်ကုမ္ပဏီနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့သာ စီးပွားရေးလုပ်ငန်းရှင်များ ရှင်းလင်းပြောကြားနေစဉ်

နေပြည်တော်နှင့် အခြားမြို့ရွာများ၌ တည်ဆောက်သည့် လုပ်ငန်းများလုပ်ကိုင်ရာတွင် အေးရှားဝေါလ် ကုမ္ပဏီမှတစ်ဆင့် ပြန်လည်လုပ်ငန်းအပ်နှံခိုင်းစေသည့် အသေးစားလုပ်ငန်းရှင်များအား ပေးရန်ရှိသည့် လုပ်အားခနှင့်စိုက်ထုတ်ပစ္စည်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၁ ဘီလျံကျော်အား မပေးသည့်အတွက် အဆိုပါ အသေးစားလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများရပ်ဆိုင်းထားရသည်ဟု သတင်းရရှိပါသည်။
အေးရှားဝေါလ်ကုမ္ပဏီ၏ Subcontractor အနေဖြင့် ဆယ်စုနှစ်တစ်စုနီးပါးကြာ လက်တွဲလုပ်ခဲ့သည့် အသေးစားတိုင်းရင်းသားလုပ်ငန်းရှင် ၁၀ ဦးအနေဖြင့် အေးရှားဝေါလ်မှ အပ်နှံသည့်လုပ်ငန်းများကို
သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အပြီးတည်ဆောက်၍ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပ်နှံခဲ့သည်။    သို့သော် အေးရှားဝေါလ်ကုမ္ပဏီမှ ငွေကျပ် ၁ ဒသမ ၁ ဘီ လျံကျော်အား စာချုပ်ဖောက်ဖျက်ကာ ၁၉ လကြာသည်အထိ ပေးချေခြင်းမရှိသည့်အတွက် လုပ်ငန်းရှင် ၁၀ ဦးက နိုင်ငံတော်သမ္မတထံသို့ပါ တိုင်ကြားခဲ့ကြောင်း သိရသည်။
စာချုပ်ချုပ်ဆိုစဉ်က လုပ်ငန်းပြန်အပ်ပြီးတစ်လခွဲအတွင်း ငွေအားလုံးပေးချေရမည်ဟုပါရှိပြီး အသေးစား လုပ်ငန်းရှင် ၁၀ ဦးမှ သုံးလအတွင်း အပြီးပေးချေစေလိုကြောင်း၊ အကယ်၍ အပြီးပေးခြင်းမရှိပါက တရားစွဲဆိုသည်အထိ ဆက်လက်လုပ်ဆောင်သွားရန်ရှိကြောင်း အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ City Star ဟိုတယ်တွင်ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။
အေးရှားဝေါလ်ကုမ္ပဏီအနေဖြင့် ယခုပေးရန်ကျန်ရှိနေသည့်ငွေပမာဏမှာ နေပြည်တော် ပုဗ္ဗသီရိ၊ တောင် ညို၊ ကင်းသာ၊ မုံရွာနှင့် အခြားမြို့နယ်များတွင် တည်ဆောက်သည့် စီမံကိန်းများအတွက်သာဖြစ်ကြောင်း လည်း သိရသည်။ အသေးစားလုပ်ငန်းရှင် ၁၀ ဦးကိုယ်စား ဦးအောင်မျိုးရှိန်က "စာချုပ်မှာလုပ်ငန်းအပ်ပြီး တစ်လခွဲအတွင်းပေးရမှာကို မပေးဘူး။ ၂၀၁၂ ခုနှစ်သြဂုတ်လရောက်မှ ၆၅ ရာခိုင်နှုန်းရခဲ့တာ။ အကြေ မရဘူး။ အကြေမရတာ တစ်နှစ်နဲ့ ခုနှစ်လကြာပြီ။ ပထမအကြိမ်အေးရှားဝေါလ်ကဦးလှမြင့်နဲ့ ညှိတယ်၊ အဖြေမရဘူး။ ဒုတိယအကြိမ် အေးရှားဝေါလ်က GM နဲ့ ညှိတယ်၊ ရေရာတဲ့ အဖြေမရဘူး။ တတိယအကြိမ် MD ဦးထွန်းမြင့်နိုင်နဲ့ ညှိတယ်၊ ပျားရည်နဲ့ ၀မ်းချသွားတယ်လို့ပဲ ပြောရမယ်။ တစ်နှစ်အတွင်းပေးမယ် လို့ပဲပြောတယ်။ အချိန်အတိအကျ မပေးနိုင်ဘူး။ ဒါကြောင့် အခုလို ရှင်းလင်းပွဲလုပ်ရတာပါ" ဟု ပြောကြားခဲ့ သည်။
ယင်းအပြင် လုပ်ငန်းရှင်ကြီးများမှ လုပ်ငန်းရှင်များအား လက်ဝါးကြီးအုပ်လုပ်ကိုင်ခြင်း၊ ပြည်တွင်းပြည်ပမှ အရင်းအနှီးများ ဖိတ်ခေါ်နေချိန်တွင် ယခုကဲ့သို့ အသေးစားလုပ်ငန်းများအပေါ် လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းမျိုးကို ကာကွယ်မပေးပါက အသေးစားလုပ်ငန်းများ ဒုက္ခရောက်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ငွေရရန်ရှိသူ ဦးဥာဏ်ထွန်းလင်းကလည်း "တကယ်ရစရာ ရှိတာကကျပ်သိန်း ၃၀၂၀ ကျော်ရဖို့ရှိတာပါ။ သူတို့ကမပေးတဲ့အတွက် အပြင်မှာ ကျပ်သိန်းရာနဲ့ချီပြီး အတိုး လေးကျပ်နဲ့ယူပြီး စိုက်ရှင်းထားရတယ်။ တကယ်လို့ တစ်နှစ်ထပ်စောင့်မယ်ဆိုရင် ကျွန်တော်တို့ကို သူတို့ပေးတဲ့အချိန်မှာ ရမယ့်အရင်းအားလုံးက အတိုးပေးလိုက်ရတဲ့သဘောဖြစ်သွားမယ်" ဟု ဆိုပါသည်။
အေးရှားဝေါလ်ကုမ္ပဏီမှ အဆိုပါပြဿနာနှင့်ပတ်သက်၍ အောက်တိုဘာလ  ၂ ရက်နေ့က အလုပ်သမား ၀န်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ စာတင်ခဲ့ပြီး အဆိုပါစာတွင် တိုင်ကြားသူတို့ ဖော်ပြချက်အရ ငွေကြေးကိန်းဂဏန်း အနည်းငယ်လွဲသည်မှအပ စာရင်းရှင်းလင်းရန် ကျန်ရှိနေသည်မှာ မှန်ကန်ကြောင်းဝန်ခံချက်ပါရှိပြီး ယခုနောက်ဆုံး ကျန်ရှိနေသည်များမှာလည်း ပူးတွဲဆောင်ရွက်သည့်လုပ်ငန်း၏ ၆၅ ရာခိုင်နှုန်းကျော်ကို ရှင်းလင်းပေးချေခဲ့ပြီးဖြစ်ကြောင်း၊ ပေးချေရန် ကျန်ရှိနေသူများကိုလည်း သက်ဆိုင်ရာမှရလျှင်ရချင်း ချက်ချင်းပေးဆပ်မည်ဆိုသည့်အချက်ကို ထည့်သွင်း ထားပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလမှစ၍ တစ်နှစ်အတွင်း ရှင်းလင်းပေးချေနိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဟု ဖော်ပြထားသည်။

Ref: Eleven Media Group   

No comments:

Post a Comment