Tuesday, October 2, 2012

 ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအား ပြည်သူ့ရင်ပြင်တွင်ထားရှိပေးရန်အဆိုကို ပြည်ထောင်စုအဆင့်သို့ တင်ပြဆုံးဖြတ်သင့်ကြောင်း ပြောကြား

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထ အကြိမ်ပုံမှန်အစည်းအဝေး ပထမနေ့တွင် သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ်ဦးကျော်က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပေ ၂၀ အမြင့်ရှိသည့် ရုပ်ထုကို ပြည်သူ့ရင်ပြင်တွင်ထားရှိပေးရေးအဆိုကို တင်သွင်းခဲ့ကြောင်း၊ ယင်းအဆိုကို  စက်တင်ဘာလ ၂၈ ရက်နေ့ ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး  ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနှင့် မြို့တော်ဝန် ဦးလှမြင့်တို့က ပြည်ထောင်စုအဆင့်သို့ တင်ပြဆုံးဖြတ် သင့်ကြောင်း  ပြောကြားခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ဦးကျော်က အဆိုတင်သွင်းရာတွင် ''ကန်တော်ကြီးက ဗိုလ်ချုပ်ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ကို လူလာတာ နည်းပါတယ်။ ဒါကြောင့် မှေးမှိန်သွားမလားဆိုတဲ့ အမြင်တွေရှိလာတယ်။ ပြည်သူ့ရင်ပြင်ကတော့ အထင်ကရနေရာဖြစ်တဲ့အပြင် လွှတ်တော်အဆောက်အအုံနဲ့ ပနံသင့်တဲ့အတွက် ပြည်သူ့ရင်ပြင်မှာ ဗိုလ်ချုပ်ကြေးရုပ်တည်ခြင်းအားဖြင့် ဗိုလ်ချုပ်ကို ဂုဏ်ပြုရာလည်း ရောက်တဲ့သဘောဖြစ်ပါတယ်''ဟု တင်သွင်းခဲ့သည်။
ယင်းအဆိုအား ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းနှင့် မြောက် ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းတို့ က ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့် မြို့တော်ဝန် ဦးလှမြင့်တို့ကလည်း ၀င်ရောက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ''ပြည်သူ့ရင်ပြင်ဟာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံမျက်နှာစာမှာတည်ရှိပြီး ပြည်သူ့ရင်ပြင်ဟာ ပြည်သူလူထုအပန်းဖြေရာတွင် အသုံးပြု သည့်နေရာဖြစ်ကြောင်း၊ အခုလက်ရှိ ဗိုလ်ချုပ်ကြေးရုပ်ထားရှိသည့်  ကန်တော်ကြီးဗိုလ်ချုပ်ပန်းခြံတွင် ဘာရည်ရွယ်ချက်နဲ့ ကြေးရုပ်ကိုထားရှိခဲ့တာလည်း မသိပေမယ့် သူ့အကြောင်းနဲ့သူတော့ ရှိခဲ့ပါလိမ့်မယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ရုပ်ထုက ထပ်ထုလုပ်ပေးဖို့ ၀န်မလေးပေမဲ့ ဗိုလ်ချုပ်က တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့အတွက် နိုင်ငံတော်အဆင့်က စဉ်းစားဆုံးဖြတ်သင့်ပါတယ်''ဟု ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ''ဗိုလ်ချုပ်ရုပ်ထုဟာ စံနမူနာထုလုပ်ထားတဲ့ ရုပ်ထုတစ်ခုဖြစ် တယ်။ ပြည်သူ့ရင်ပြင်မှာ ထားရှိပေးဖို့ တင်ပြတာကို ကျေးဇူးတင်ပါတယ်။ အခုလက်ရှိမှာ ဗိုလ်ချုပ်ကို ဂုဏ်ပြုထားတဲ့ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်လမ်းတို့ ရှိပါတယ်။ ဒါကြောင့် ပြည်သူ့ရင်ပြင်မှာ ထပ်ထားပေးဖို့အတွက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆုံးဖြတ်တာပိုမိုသင့်လျော်မှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ''ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံမှာ ဗိုလ်ချုပ်ရုပ်ထုရှိတာနဲ့ နောက်ထပ်တစ်နေရာမှာမရှိရတော့ဘူးလား။ ဒါဟာစဉ်းစား စရာ ဖြစ်ပါတယ်။ ပြည်သူ့ရင်ပြင်မှာ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာဖြစ်ပြီး ကျွန်တော့်ဆန္ဒကတော့ ပြည်သူ့ ရင်ပြင်မှာထားရှိရေးကို ပိုပြီးအလေးထားစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment