Monday, October 8, 2012

မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး ဥပဒေကြမ်း အမေရိကန်သမ္မတ ဘာရက်အိုဘားမား လက်မှတ်ရေးထိုး

အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးဥပဒေကြမ်းကို အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။
အဆိုပါဥပဒေကြမ်းကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ပြီးခဲ့သည့်လက အတည်ပြုခဲ့ပြီး ယခုကဲ့သို့ သမ္မတအိုဘားမားက လက်မှတ်ရေးထိုးလိုက်သည့်အတွက် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး အဖွဲ့အစည်း များအနေဖြင့် မြန်မာနိုင်ငံကို အကူအညီပေးနိုင်တော့မည် ဖြစ်သည်။
“ဒီဥပဒေကို အကောင်အထည်ဖော်ခြင်းဟာ မြန်မာနိုင်ငံမှာ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကောင်းမွန် တဲ့အုပ်ချုပ်မှု၊ ပြုပြင်ပြောင်းလဲမှုတို့မှာ တိုးတက်မှုရှိလာစေဖို့အတွက် ဒီဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေ၊ မူဝါဒတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ပုံဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု အမေရိကန်လက်ထောက် ဘဏ္ဍာရေးဝန်ကြီးနီးလ်ဝိုလင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို ငွေချေးထားသည့် ဘဏ္ဍာရေးအဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့်  အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က မြန်မာနိုင်ငံကိုချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉၀၀ အထိ ထပ်မံထုတ်ချေးပေးသွားရန် စဉ်းစားနေသည်ဟုလည်း ဂျပန်နိုင်ငံ၏နေ့စဉ်ထုတ် စီးပွားရေးသတင်းစာ Nikkei က ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ငွေကြေးချေးငှားမှု ပြန်လည်မစတင်မီ အဆိုပါ ဘဏ်များအပေါ် တင်ရှိနေသည့် ကြွေးကျန်များကို ပြန်ဆပ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်နိုင်ငံသို့ တင်သွင်းမှုပိတ်ဆို့ထားခြင်းကို ဖြေလျှော့သွား မည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတဦးသိန်းစိန်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က နယူးယောက်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့ပြီး မကြာမီ ယခုကဲ့သို့ သမ္မတအိုဘားမား၏ ဥပဒေကြမ်း လက်မှတ်ရေးထိုးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် အမေရိကန်ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု များ  ပြန်လည်စတင်နိုင်ရန် ခွင့်ပြုကြောင်း ဇူလိုင်လ ၁၁ ရက်နေ့ က ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများအတွက် ချီးမြှင့်သည့် အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက် ရှိနေသည်။

Ref: Eleven Media Group

No comments:

Post a Comment