Tuesday, October 9, 2012

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် သွားလာရေးခက်ခဲသည့်ဒေသများမှ ဆေးတက္ကသိုလ်ဝင်ခွင့်ရသူများအား မကွေးဆေးတက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုမည်

၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀နှင့် သွားလာရေးခက်ခဲသည့်ဒေသများမှ ဆေးတက္ကသိုလ်ဝင်ခွင့်ရသူများအား မကွေးဆေး တက္ကသိုလ်သို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသိပ္ပံပညာဦးစီးဌာနမှ သိရ သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးအတွက် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသည့်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ ဆေးပညာကို အမှန်တကယ်ဝါသနာပါပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့်ဝသည့် ဆေးပညာရှင်၊ ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ခေါ်ယူ
ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
''သတ်မှတ်ထားတဲ့ဒေသတွေက ဆေးတက္ကသိုလ်ဝင်ခွင့်လျောက်ထားခဲ့သူဦးရေ ၂၀၀ နီးပါးရှိခဲ့တယ်။ အဲဒီထဲက ရွေးချယ်ရေးအဖွဲ့တွေ သတ်မှတ်ထားတဲ့စည်းမျဉ်းနဲ့ ကိုက်ညီသူ ၃၄ ဦးကို မကွေးဆေး တက္ကသိုလ်မှာ တက်ရောက်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်မတို့အနေနဲ့ တက်ရောက်ခွင့်ရတဲ့ ကလေးတွေဆီကို ကျောင်းတက်ဖို့အတွက် စာပို့ထားပါတယ်။ ကျောင်းဖွင့်တာနဲ့ စတက်ရမှာပါ'' ဟု နေပြည်တော်ရှိ ဆေးသိပ္ပံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
လျှောက်ထားသူများအတွက် သတ်မှတ်ထားသည့် စည်းမျဉ်းများမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ များနှင့် နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေး ခက်ခဲသည့် ဒေသများတွင် အမြဲနေထိုင်သူ၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးသည် တည်ဆဲနိုင်ငံသား ပြစ်မှုဥပဒေနှင့် ကိုက်ညီသောနိုင်ငံသားဖြစ်သူ၊ ၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူ၊ အခြေခံပညာ ၈တန်း၊ ၉တန်း၊ ၁၀တန်းများကို ၄င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့ပြီး ၄င်းဒေသများမှပင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ စသည့်တို့သတ်မှတ်ခဲ့ကြောင်းနှင့် လူဦးရေကန့်သတ်ချက် မရှိခဲ့ကြောင်း သိရသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် သွားလာရေးခက်ခဲသည့် ဒေသများမှ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက် လွှာများအား ၂၀၁၂ခုနှစ် ဇွန်လအတွင်းက ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


No comments:

Post a Comment