၂၀၁၂၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ၌
နိုင်ငံတော်သမ္မတက ပေးပို့လာသော
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအပေါ် သဘောထားမှတ်ချက်နှင့်
ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏
သဘောထားမှတ်ချက် အစီရင် ခံစာကို ထုတ်ပြန်ခဲ့သဖြင့်
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေမှာ နိုဝင်ဘာလအတွင်း
ထွက်ပေါ်လာဖွယ် ရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ပြောခဲ့သည်။
“နိုင်ငံတော်သမ္မတပေးပို့လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းအပေါ်ရှိ သဘောထားမှတ်ချက် မှာ ပြင်ဆင်စရာရှိတဲ့အချက် အများအပြားမရှိတဲ့အတွက်
နိုဝင်ဘာလဆန်းပိုင်းမှာ အပြီးသတ်ထွက်လာဖို့ ခန့်မှန်းပါတယ်” ဟု
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်(လသာ)က ပြောကြားပါသည်။
ပြည်ထောင်စုလွှတ်တော်က ဥပဒေအဖြစ်ထုတ်ပြန်ရန် နိုင်ငံတော်သမ္မတထံပေးပို့ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို သဘောထားမှတ်ချက်
၁၁ ချက်ဖြင့် နိုင်ငံတော်သမ္မတက ပြန်လည်ပြင် ဆင်ပေးပို့လာသည့်အပေါ်တွင်
ပြည်ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်
အစီရင်ခံစာကို အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသည့်
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့၌
အတည်ပြုချက်ရယူခဲ့ပြီး ဥပဒေအဖြစ် ထုတ်ပြန်ကြေညာနိုင်ရန်
ပြည်ထောင်စုလွှတ်တော်နာယက က ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်
နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက စက်တင်ဘာလ ၂၂ ရက်နေ့တွင် သဘောထားမှတ်ချက် ၁၁ ချက်ဖြင့်
ပြန် လည်ပေးပို့ခဲ့ပြီး ယင်းမှတ်ချက်များအား ပြည်ထောင်စုလွှတ်တော်တွင်
တင်ပြနိုင်ရန် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အောက်တိုဘာလ ၈ ရက်နေ့မှ ၂၀
ရက်နေ့အထိ အစည်းအဝေးများပြုလုပ်ခဲ့ကာ သဘောထားမှတ်ချက်များ
ပြန်လည်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ နိုင်ငံတော်သမ္မတက အချက် (၁၁) ချက်နှင့်
ဥပဒေရေးထုံးငါးချက်ကို ပြင်ဆင်သည့်အပေါ် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏
ညှိနှိုင်းသဘောတူပြင်ဆင်ချက်များအပေါ် ဆွေးနွေးလိုသည့်
ကိုယ်စားလှယ်များရှိပါက ၂၀၁၂ အောက်တိုဘာလ ၂၅ ရက်နေ့မတိုင်မီ
အမည်စာရင်းပေး သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက အစည်းအဝေးတွင်
ထည့်သွင်းကြေညာခဲ့သည်။
'' အန်တီကိုယ်တိုင်တော့ ၀င်ဆွေးနွေးဖို့မရှိပါဘူး။ ဒါပေမယ့်
အန်တီတို့အဖွဲ့ထဲကသူတွေတော့ ဆွေးနွေး မယ့်အထဲမှာပါမယ်။ နိုင်ငံခြားကနေ
မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ်ဆိုရင်တော့ အန်တီတို့
သဘောတူတာပေါ့။ ဒါပေမယ့် အားလုံးကိုတော့ သေသေချာချာ အသေးစိတ်ဆွေးနွေးပြီးမှ
ပြန်ပြီးတော့ တင်ပြရမှာပေါ့''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်ကပြော ကြားခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ''အခြေအနေပေး ရင်တော့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက
တင်ထားတဲ့ အချက် ၁၁ ချက်ထဲက တစ်ချက်ကို ကျွန်တော်ဝင်ဆွေးနွေးဖို့ရှိပါတယ်။
အသေးစိတ်တော့ ပြောလို့မရသေးဘူး။ အထူးသဖြင့်
တိုင်းရင်းသားလုပ်ငန်းရှင်ကြီးတွေရဲ့ စိုးရိမ်မှုကိုမူတည်ပြီးတော့
ပြဋ္ဌာန်းပေးထားတဲ့ အချက်တစ်ချို့ ဟာ နိုင်ငံခြားသားတွေအတွက်၊ တစ်ချိန်တည်းမှာ
ကျွန်တော်တို့နိုင်ငံအတွက် သူတို့ဘက်က စိုးရိမ် ထိတ်လန့်မှုတွေ
ရှိနိုင်တာပေါ့ဗျာ။ ဆိုလိုတာကတော့ ဆွဲဆောင်မှုအားနည်းစေတာမျိုးတွေပေါ့။
အဲဒါမျိုးတွေ ကိုတော့ လက်တွေ့ကျကျနဲ့
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာ နိုင်ငံခြားသားတွေဝင်လာဖို့
ကျွန်တော်တို့ က ဆွဲဆောင်ရမှာကိုး။ အဲဒီတော့ သူတို့လည်း အရင်းအနှီးတွေ
လုပ်တဲ့အခါမှာ သူတို့လုပ်သာကိုင် သာဖြစ်အောင်တော့ ကျွန်တော်တို့ရဲ့
ပြဋ္ဌာန်းချက်တွေကို သေသေချာချာဂရုစိုက်ဖို့လိုတာပေါ့'' ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သော 'ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းပါက
နိုင်ငံခြားမတည်ငွေ သည် စုစုပေါင်းမတည်ငွေရင်း၏ ၃၅ ရာခိုင်နှုန်း
အနည်းဆုံးပါဝင်ရမည်' ဆိုသည့်အချက် ကို နိုင်ငံတော်သမ္မတက
'ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းပါက နိုင်ငံခြားမတည်ငွေနှင့်
နိုင်ငံသားမတည်ငွေ အချိုးကို ဖက်စပ်လုပ်ငန်းပြုလုပ်သည့် နိုင်ငံခြားသားနှင့်
နိုင်ငံသားရင်းနှီးမြှုပ်နှံမှု နှစ်ဖက်သဘောတူညီချက် အရ သတ်မှတ်နိုင်သည်' ဟု
မှတ် ချက်ပြုခဲ့သည်။
ယင်းအချက်ကို ဥပဒေကြမ်းပူးပေါင်းကော်မတီက နိုင်ငံတော်သမ္မတ၏
သဘောထားမှတ်ချက်တွင် ဖော်ပြ ထားသော စကားရပ်များကို
အနည်းငယ်ဖြည့်စွက်သင့်ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ' ဖက်စပ်လုပ်ငန်း အဖြစ်
ဖွဲ့စည်းပါက နိုင်ငံခြားမတည်ငွေရင်းအချိုးကို နှစ်ဖက်သဘောတူညီချက်အရ
သတ်မှတ်နိုင်သည်' ဟု ညှိနှိုင်းသဘောတူ ပြင်ဆင်ခဲ့သည်။
' နိုင်ငံခြားသားသည် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများကို
နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင် ပါက စုစုပေါင်း နိုင်ငံခြားမတည်ငွေရင်း၏
၅၀း၅၀ အချိုးအတိုင်းဆောင်ရွက်ရန် အဆိုပြုနိုင်သည်' ဆိုသောအချက်ကို '
နိုင်ငံခြားသားသည် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများ ကို
နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်ပါက နိုင်ငံခြားမတည်ငွေရင်းအချိုးကို
နည်းဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် အချိုးအတိုင်းအဆိုပြုနိုင်သည်' ဟု
ပြဋ္ဌာန်းသင့်ကြောင်း နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်တွင်
ထည့်သွင်းဖော်ပြခဲ့သည်။
ယင်းအချက်ကိုလည်း ဥပဒေကြမ်းပူးပေါင်းကော်မတီက ' နိုင်ငံခြားသားသည်
တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့်လုပ်ငန်းများကို
နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်ခွင့်ရပါက နိုင်ငံခြားမတည်ငွေရင်းအချိုး ကို
နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းရေးကို မထိခိုက်စေသော နှစ်ဖက်သဘောတူညီသည့်အချိုး အတိုင်း ဆောင်ရွက်ရန် အဆိုပြုနိုင်သည်' ဟု ပြင်ဆင်ပြဋ္ဌာန်းသင့်ကြောင်း ညှိနှိုင်းသဘောတူခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
'ပညာရှင်အဆင့် အချိုးကျခွဲဝေမှုအဖြစ် နိုင်ငံခြားသားဝန်ထမ်းများနည်းတူ
မြန်မာနိုင်ငံသားဝန်ထမ်းများ အား ခန့်ထားရာတွင် လုပ်ခအဆင့်ကို
ခွဲခြားမှုမရှိစေရန် အခွင့်အရေးများ စီမံဆောင်ရွက်ပေးရမည်' ဆိုသောအချက်ကို
နိုင်ငံတော်သမ္မတက ' ပညာရှင်အဆင့် အချိုးကျခွဲဝေမှုအဖြစ်
နိုင်ငံခြားသားဝန်ထမ်းများ နည်းတူ မြန်မာနိုင်ငံသား ၀န်ထမ်းများအား
ခန့်ထားရာတွင် နိုင်ငံခြားသားဝန်ထမ်းများနှင့် ပညာအရည် အချင်း၊ လုပ်သက်၊
အတွေ့အကြုံစသည့် အချက်များတူညီသည့် မြန်မာနိုင်ငံသားဝန်ထမ်းများ၏
အခြေခံ လုပ်ခအဆင့်ကို ခွဲခြားမှုမရှိစေရန် အခွင့်အရေးများ
စီမံဆောင်ရွက်ပေးရမည်' ဟု ပြင်ဆင်ရေးသား သင့်ကြောင်း သဘောထားမှတ်ချက်ကိုမူ
ဥပဒေကြမ်းပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့်အတိုင်းသာ
ဆက်လက်အတည်ပြု သင့်ပါသည်' ဟု ဖော်ပြခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ မကြာမီရက်ပိုင်းအတွင်း၌
ထွက်ပေါ်လာလိမ့်မည်ဖြစ်ကြောင်းကိုလည်း နိုင် ငံတော်သမ္မတ ဦးသိန်းစိန်က
အောက်တိုဘာလ ၂၁ ရက်နေ့တွင်ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် ပြော ကြားခဲ့ဟု သတင်းရရှိသည်။
Ref: Eleven Media Group
No comments:
Post a Comment