နိုင်ငံ့သတင်းအား လှန့်သည့်သတင်းခေါင်းစဉ် ဖြစ်နေသော The Voice
အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်နားခံရသော အပတ်စဉ်ထုတ် ဂျာနယ် နှစ်စောင်မှာ
The Voice Weekly နှင့် Envoy ဂျာနယ်တို့ ဖြစ်ကြောင်း စာပေစိစစ်နှင့်
မှတ်ပုံတင်ရေးဌာနက အတည်ပြုသည်။
The Voice ဂျာနယ်အား စာပေစိစစ်ရေးမှ အကန့်အသတ်မရှိ ထုတ်ဝေခွင့်
ပိတ်လိုက်ကြောင်း ယင်းဂျာနယ် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ယနေ့ ဇူလိုင်လ
၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ပေါ်ပြူလာနယူးစ်မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
“ ပြန်ကြားရေးက ခေါ်ပြောတာ။ အကြောင်းပြချက်ကတော့ တစ်ခုတည်းမဟုတ်ဘူး။ ဇွန်လထဲကစပြီး စည်းကမ်းဖောက်ဖျက်လို့ ဆိုပြီးပြောတယ်။ စည်းကမ်းဖောက်ဖျက်တာ ကျွန်တော်တို့ တစ်စောင်တည်း လည်း မဟုတ်ဘူး။ ရှိသမျှ အနည်းနဲ့အများတော့ စည်းကမ်းဖောက်ဖျက်နေကြတာပဲ” ဟု ၄င်းကပြောသည်။
“ Envoy ဂျာနယ်ကို ၃၁.၇.၂၀၁၂ နေ့ ၁၁နာရီခွဲအချိန်တွင် အကန့်အသတ်မရှိ ရပ်ဆိုင်းခြင်းခံရပါတယ်။ မိမိကိုယ်တိုင် CEO ဖြစ်တာဝန်ယူထုတ်ဝေနေသော ဂျာနယ်ဖြစ်သဖြင့် အထူးကြေကွဲဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။” ဟု Envoy ဂျာနယ် ထုတ်ဝေသူ ဒါရိုက်တာစင်ရော်မောင်မောင်ကပြောသည်။

ဂျာနယ်များ အကန့်အသတ်မရှိ ရပ်ဆိုင်းခံရခြင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ ခေါ်ယူအသိပေးခဲ့ခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ မီဒီယာအားလုံးသည် တိုင်းပြည်ပျက်အောင် လုပ်ဆောင်ခြင်း အလျှင်းမရှိဘဲ တိုင်းပြည်ကောင်းစားရေးအတွက်သာ ရှေးရှုလုပ်ဆောင်နေကြောင်း The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက သုံးသပ်ပြောကြားခဲ့သည်။
The Voice Weekly သတင်းစာစောင်ကို ယခုတစ်ကြိမ် ထုတ်ဝေခွင့်ယာယီရပ်နားခံရမှု နှင့် ဆိုပါက စုစုပေါင်း ၆ ကြိမ် တိတိ ထုတ်ဝေခွင့်ပိတ်ခြင်းဖြစ်သည်။
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်ပတ်၊ ၂၀၀၅ ခုနှစ် မေလမှ ဇွန်လကြားတွင် လေးပတ်၊ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် တစ်ပတ်၊ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် နှစ်ပတ်၊ ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလတွင် တစ်ပတ် ထုတ်ဝေခွင့် ပိတ်ခံခဲ့ရသည်။

Ref: Popular Myanmar News Journal, 7Day News Journal

No comments:
Post a Comment