ရန်ကုန်၊ ဇွန် ၂၄
လွန်ခဲသော ငါးရက်ခန့်က ရန်ကုန် မြို့တော် စည်ပင် နယ်နမိတ်အတွင်း
အများပြည်သူ အမှိုက် စွန့်ပစ်ရန် ထားရှိသော အမှိုက်ပုံးအချို့
ယခုရက်ပိုင်းအတွင်း ခိုးယူခံနေကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး
သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မီးဖိုချောင်ထွက် အမှိုက်များနှင့် စည်းကမ်းမဲ့ စွန့်ပစ်သော အမှိုက်များ
လျော့နည်း သက်သာစေရန်နှင့် ပြည်သူများ စနစ်တကျဖြင့် သတ်မှတ်
အမှိုက်ပုံးများတွင် လွယ်ကူစွာ စွန့်ပစ်ရန် အတွက် ရန်ကုန်မြို့အနှံ့တွင်
ယင်းအမှိုက်ပုံးကြီး ၄၇၀ လုံးအား မြို့နယ်အလိုက် ချထားပေးခဲ့
ပြီးနောက်ပိုင်း ဗဟန်း မြို့နယ် ကမ္ဘာအေးဘုရား လမ်းဘေးတွင် ချထားသော ၆၆၀
လီတာဆန့် တန်ဖိုးကြီး အမှိုက်ပုံးကြီး တစ်လုံး ပထမဆုံး အခိုးခံရခြင်း
ဖြစ်ကြောင်း အဆိုပါဌာန ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
"အမှိုက်ပုံး မရှိလို့ မထားလို့ ဆိုပြီး ပစ်ချင်ရာ ပစ်ခဲ့တယ်။ အခု
အမှိုက်ပုံး ရှိပြန်တော့လည်း အခိုးခံရတယ်ဆိုတော့ အမှိုက်ပုံးတောင် ခိုးတဲ့သူက
ဘယ်လို လူမျိုးလဲဆိုတာ စဉ်းစားဖို့တောင် မလိုဘူး။ ဒါကို စည်ပင်အနေနဲ့
ထိထိရောက် အရေးယူ သင့်တယ်။ ဒါမှမဟုတ် နောက်ထပ် အမှိုက်ပုံး မပျောက်အောင်
ဘယ်လို စီမံမလဲဆိုတာ စဉ်းစားသင့်တယ်" ဟု ရန်ကုန်တိုင်း တာမွေမြို့နယ်နေ
အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက မှတ်ချက်ပြုသည်။
ယင်းအမှိုက်ပုံးကြီးများကို ရန်ကုန်မြို့တွင်းတွင် ယခုနှစ် ဇွန်လ ၁၃
ရက်နေ့တွင် လည်းကောင်း၊ ၂၄၀ လီတာဆန့် အမှိုက်ပုံး ၁၁၄၈ လုံးကို ဇွန်လ ၂၀
ရက်နေ့တွင် လည်းကောင်း စတင် ချထားပေးခဲ့ပြီး ဖြစ်ကြောင်း မြို့တော်
စည်ပင်ဌာနက စုံစမ်းသိရှိ ရသည်။
“အများပြည်သူပိုင် ပစ္စည်း ဖြစ်တဲ့အတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၆၁ အရ
အမှုဖွင့်ထားတယ်၊ နောက် ဒီပုံးတွေကို ဘယ်ကုမ္ပဏီကမှ တင်သွင်းထားတာ
မဟုတ်တဲ့အပြင် ပုံးတွေမှာလည်း စည်ပင်တံဆိပ်တို့ သက်ဆိုင်ရာ မြို့နယ်ကုတ်တွေ
ရိုက်ထားတယ်၊ မခိုးအောင် သံကြိုးလုပ်ဖို့ ဆိုတာကတော့ ပုံမှန် အမှိုက်သိမ်းရ
တဲ့အတွက် မဖြစ်ဘူး။ နောက် လွယ်လွယ်ကူကူ အမှိုက်သိမ်း နိုင်အောင်လည်း ဘီးတွေ
တပ်ထားသေးတယ်။ ဘာပဲဖြစ်ဖြစ် အမှိုက်ပုံး ခိုးတာ ကိစ္စမရှိပေမယ့်
စည်ပင်လုပ်ငန်း တစ်ခုကို အနှောက်အယှက် ပေးတာ ပိုဆိုးတယ်”ဟု ရန်ကုန်
မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော် သတင်းဌာန တာဝန်ရှိသူက
ပြင်းထန်စွာ ရှုတ်ချ ပြောဆိုသည်။
အဆိုပါ အမှိုက်ပုံး ပျောက်ဆုံးမှုအတွက် ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်
ယင်းမြို့နယ် စည်ပင် အုပ်ချုပ်ရေးမှူးရုံးက အမှုဖွင့် တိုင်ကြားထားသည်။
သတင်း - The Voice Weekly

No comments:
Post a Comment