Tuesday, June 26, 2012

ပြောင်းလဲပြင်ဆင်ထားသည့် မူဝါဒများအရ ကားတင်သွင်းရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကားအမျိုးအစား တင်သွင်းနိုင်မှု မရှိသလောက်နည်းပါး တင်သွင်းမှု စုစုပေါင်း၏ ၉၂ ရာခိုင်နှုန်းမှာ အိမ်စီးကားများသာဖြစ်ပြီး ဘတ်စ်၊ တက္ကစီ တင်သွင်းမှု ၃ ရာခိုင်နှုန်းပင် မပြည့်

အိမ်စီးကားများအဖြစ် အသုံးပြုရန် တင်သွင်းလာသော ကားများကို သီလ၀ါဆိပ်ကမ်း၌ မေလ ၂၈ ရက်နေ့က တွေ့မြင်ရစဉ်
ကားဟောင်းအပ်ကာ ကားသစ် အစားထိုး တင်သွင်းခွင့်ပြုသည့် အချိန်မှစ၍ ယခု ဇွန်လနောက်ဆုံးပတ်ထိ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ကားအစီးရေ ၅၀၀၀၀ ၀န်းကျင်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အသုံးပြုမည့် ကားအမျိုးအစား တင်သွင်းနိုင်မှုမှာ မရှိသလောက် နည်းပါးကြောင်း သတင်းရရှိပါသည်။
ဇွန်လ ၁၈ ရက်နေ့အထိ တင်သွင်းရန် လိုင်စင်ရယူထားသည့် အစီးရေ စုစုပေါင်း ၄၅၂၈၁ စီးရှိပြီး အဆိုပါ အစီးရေထဲတွင် အိမ်စီးကားတင်သွင်းသည့် အစီးရေမှာ ၄၁၃၇၉ စီးဖြစ်ကြောင်း၊ ဘတ်စ်ကားတင်သွင်းသည့် အစီးရေမှာ ၈၇၀ စီးသာရှိကြောင်း၊ တက္ကစီအဖြစ် တင်သွင်းမည့်အစီးရေမှာ ၁၈၆ စီးသာရှိကြောင်း သိရသည်။

ယင်းအတွက် ရာခိုင်နှုန်းဖြင့် တွက်ချက်ပါက ဘတ်စ်ကားတင်သွင်းမှုမှာ ၂ ရာခိုင်နှုန်း၊ အငှားယာဉ် တင်သွင်းမှုမှာ ၀ ဒသမ ၄ ရာခိုင်နှုန်းသာရှိပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် တင်သွင်းနိုင်မှုမှာ မရှိသလောက်ပင် နည်းပါးသည့် အနေအထားဖြစ်နေကြောင်း ထောက်ပြခဲ့ကြသည်။
လက်ရှိ အချက်အလက်များကို ကြည့်ရှုခြင်းဖြင့် ကားမူဝါဒများ မကြာခဏ ပြောင်းလဲမှုမှာ အများပြည်သူအတွက်ဟု ခေါင်းစဉ်တပ်ထားသော်လည်း အမှန်တကယ်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးထက် လူတစ်ဦးချင်း အသုံးပြုနိုင်မှုကိုသာ လွယ်ကူစေရန် ပြောင်းလဲ ပေးခဲ့သည့် ပုံစံမျိုးဖြစ်ပေါ်နေသည်ဟုလည်း သုံးသပ်ကြသည်။
ကားတင်သွင်းခွင့်ပြုခဲ့သည်မှ ယနေ့အထိ ကိုးလတာကာလအတွင်း ဘတ်စ်ကားသစ်၊ တက္ကစီအသစ်များ တင်သွင်းအသုံးပြုနိုင်မှု နည်းပါးသည့်ဒဏ်ကို ရန်ကုန်မြို့နေပြည်သူများ နေ့စဉ်ခံစားနေရပြီဟုလည်း ထောက်ပြခဲ့ကြသည်။

''အချက်အလက်မရှိဘဲ မပြောချင်တဲ့အတွက် စောင့်နေတာ။ အခု ရပြီ၊ အိမ်စီးကား ၉၂ ရာခိုင်နှုန်း အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် သွင်းနိုင်တာက ၂ ဒသမ ၀၄ ရာခိုင်နှုန်း၊ ကုန်ကားသွင်းတာ ၆ ရာခိုင်နှုန်း ဆိုတော့ တွက်ကြည့်ကြပေါ့။ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ကား စီးနိုင်တာက နိုင်ငံလူဦးရေရဲ့ တစ်ရာခိုင်နှုန်းတောင် ရှိသေးလို့လား။ အများအသုံးပြုနိုင်တဲ့ ဘတ်စ်ကားနဲ့ တက္ကစီကိုပဲ အားထားရတဲ့ လူဦးရေက ၉၉ ရာခိုင်နှုန်းရှိတယ်။ ကားသွင်းတာနဲ့ အများပြည်သူ လိုအပ်ချက်ကို ကဲနှိုင်းယှဉ်ကြပါ။ ပြောင်းပြန်ဖြစ်နေတယ်။ အများပြည်သူအတွက် တကယ်လိုအပ်ချက်ရှိတဲ့ ကားတွေဝင်မလာဘဲ လူနည်းစုအတွက်ပဲ အဆင်ပြေတဲ့ ကားတွေကျတော့ သောက်သောက်လဲ ၀င်နေတယ်။ ဒီတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် မူဝါဒတွေ ချမှတ်တာလား၊ ကားဝယ်စီးနိုင်တဲ့သူတွေအတွက် မူဝါဒတွေ ချမှတ်တာလား မေးရမလိုဖြစ်နေပြီ''ဟု ကားအရောင်းပြခန်း လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

''ကားသွင်းခွင့်ပေးတာ ကိုးလကျော်ပြီ တစ်နှစ်ပြည့်တော့မယ်။ အများပြည်သူ ဘတ်စ်ကားအသစ်၊ အဲယားကွန်းပါတဲ့ ကားကောင်းကောင်းတွေ စီးရပြီလား၊ စီးတာထားဦး မြင်ရောမြင်ဖူးကြရပြီလား။ ရုံးတက် ရုံးဆင်းချိန်မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံပြီး စီးရတဲ့ဘ၀က လွတ်ပြီလား။ ဒီ နေ့ ရန်ကုန်မှာလာကြည့် အိမ်စီးကားအသစ်တွေ ပေါမှပေါ။ အဲဒီကြားထဲမှာ အများပြည်သူ စီးနေရတဲ့ကားတွေကိုကြည့်လိုက် ကျပ်ညပ်ပြည့်ကျပ်၊ ကားက စုတ်သေးတယ်။ မလဲနိုင်ကြသေးဘူး။ ဒါကအဖြေပဲ၊ အများပြည်သူ သုံးတဲ့ကားတွေ သွင်းရတာထက် အိမ်စီးကားသွင်းရတာပို လွယ်နေလို့ပဲ။ အဟောင်းတွေ ကုန်အောင်လုပ်ပေမယ့် ပြောင်းချင်တိုင်းပြောင်းလို့ ကားဟောင်းတွေ လာတောင်မအပ်လို့ ဒုက္ခရောက်ရပြီ၊ ကားဟောင်းလည်းမရှင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးလည်း အဆင်ပြေမလာလို့ မူဝါဒက တကယ်အကျိုးရှိသလား မရှိဘူးလား ဒါပဲ မေး ချင်ပါတယ်''ဟု ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။      

အစိုးရသစ်လက်ထက် ကားတင်သွင်းမှု အစီအစဉ်အရ ကားသွင်းခွင့်ပေးစဉ် ၉ လတာကာလအတွင်း ၆ ကြိမ်ပြောင်းလဲခဲ့သည့် မူဝါဒများ
  • ၁။ Van, Minivan နှင့် Wagon အမျိုးအစားခွဲခြားမှု နိုင်ငံတကာ သတ်မှတ်ချက်ဖြင့် ကွဲလွဲမှု ပြန်လည်သတ်မှတ်ခြင်း။
  • ၂။ ကား CIF ဈေးနှုန်းသစ်နှင့် တင်သွင်းခွင့်ပြုသည့် ကားမော်ဒယ်များ ပြင်ဆင်သတ်မှတ်ခြင်း။ ၁၉၉၆ မော်ဒယ်မှ ၂၀၀၆ မော်ဒယ်အထိ ပြင်ဆင်သတ်မှတ်လိုက်ပြီး ကားအမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ပေးခြင်း။
  • ၃။ နိုင်ငံခြားငွေဖြင့် အခွန်ထမ်းဆောင်ထားသူများအား ကြေညာထားသည့်အတိုင်း ပါမစ်အားလုံး ခွင့်ပြုမပေးဘဲ ၃၀၀၀ တစ်သုတ်အဖြစ် ကန့်သတ်ချက် ပြင်ဆင်ခြင်း။
  • ၄။ ကညနမှ ကောက်ခံသည့် ယာယီမှတ်ပုံတင်ကြေးအား ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်း။ အင်ဂျင်ပါဝါအလိုက် ၅၀ ရာခိုင်နှုန်းမှ ၁၂၀ ရာခိုင်နှုန်းအထိ ခွဲခြားသတ်မှတ်ကောက်ခံခြင်း။
  • ၅။ မော်ဒယ်ကွဲလွဲသည်ဟု သတ်မှတ်ခံရသည့် ကားများအပေါ် တပ်ရိုက်သည့် ဒဏ်ကြေးအား ပြင်ဆင်သတ်မှတ်ခြင်း။ ဂျပန်နိုင်ငံမှ ၁၉၉၆ မော်ဒယ်ဟု သတ်မှတ်ကာ တင်ပို့လိုက်သော ကားများ မြန်မာနိုင်ငံမှ စစ်ဆေးချက်အရ ၁၉၉၅ မော်ဒယ်ဖြစ်သည့် ဖြစ်ရပ်မျိုးများစွာ ဖြစ်ပေါ်ပြီးနောက် မော်ဒယ်တစ်နှစ်နိမ့်လျှင် ဒဏ်ကြေး သုံးဆတပ်ရိုက်ခြင်းအစား ဒဏ်ကြေးကင်းလွတ်ခွင့်ပြုပြီး ယခင် ဒဏ်ကြေးပေးသွင်းပြီးသူများမှာ ပြန်လည်ထုတ်ယူခွင့်မရ၍ နစ်နာရခြင်း။
  • ၆။ ယခု ၂၀၀၇ မော်ဒယ်နှင့်အထက် ကားများပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုခြင်း။
  •  ၇။ ကညန မှတ်ပုံတင်ကြေးများ ထပ်မံလျော့ချကောက်ခံခြင်း။
Ref: Eleven Media Group

No comments:

Post a Comment