အင်းလေးကန်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေနယ်တွင် တည်ရှိသည်။ မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီး မှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး ကန်
ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင်
ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌
တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင်ခန့်ရှိပြီး
ပင်လယ်ရေမျက်နှာပြင် ၂၉၀၀ မိုင်တွင်တည်ရှိသည်။ အင်းလေးကန်သည်
တောင်ပေါ်အင်းအိုင်ကြီး တစ်ခုဖြစ်သည်။ အင်းလေးသည် တောင်နှင့်မြောက် အလျား
ကိုးမိုင်ခန့်ရှည်သည်။ အကျယ်ဆုံးနေရာ၌အရှေ့နှင့်အနောက် သုံးမိုင်ခွဲခန့်
ရှိသည်။
၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အမျိုးသားသဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးကော်မရှင်နှင့် ပူးပေါင်းကာ အင်းလေးကန်၏ ဂေဟဗေဒစနစ်ကို
လေ့လာခဲ့ရာ အင်းလေးကန်၏ ဧရိယာအကျယ်အဝန်းမှာ ပိုမို လျင်မြန်စွာ
လျော့နည်းလာပြီး အဆိုပါ နှုန်းအတိုင်း ဆက်လက် သွားမည်ဆိုပါက
ပိုမိုမြန်ဆန်စွာ တိမ်ကောသွားမည့် အနေအထားမျိုးကို တွေ့မြင်ခဲ့သည်။
၂၀၁၀ ခုနှစ်အတွင်း အင်းလေးကန် ရေလျော့ကျမှုမှာ နှစ်နှစ်ဆယ် မှတ်တမ်းများအရ
အဆိုးရွားဆုံး ဖြစ်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်
ပြုန်းတီးမှုများကြောင့်လည်းကောင်း၊ ကန်၏ ရေရှည်တည်တံ့ရေးအတွက်
ထိန်းသိမ်းရန် သတိမမူခဲ့ခြင်းကြောင်းလည်းကောင်း၊ ရေခန်းခြောက်ရခြင်း၏
အကြောင်းရင်းကို ဆန်းစစ်နိုင်ရန် နည်းပညာပိုင်းဆိုင်ရာ
အားနည်းချက်များကြောင့်လည်းကောင်း စသည်ဖြင့် ပညာရှင်များက
သုံးသပ်ခဲ့ကြသည်။
အင်းလေးကန်သည်
၂၀၀၈ ခုနှစ် နွေရာသီအချိန်က စတုရန်းမိုင် ၄၀ ခန့်ရှိခဲ့ရာမှ ၂၀၁၀
နွေရာသီတွင် ယခင်နှစ်များကထက် ပိုမိုပူပြင်းခဲမှုကြောင့် စတုရန်းမိုင်ပေါင်း
၂၇ မိုင်သာ ကျန်ရှိတော့သဖြင့် နှစ်နှစ်တာ ကာလအတွင်း ကန်ရေပြင်ဧရိယာ ၁၃
စတုရန်းမိုင်ခန့် လျော့နည်းသွားသည်ဟု သိရှိရသည်။ အင်းလေးကန်၏ အလျားသည်
ယခင်က ၃၆ မိုင်ရှိခဲ့ရာမှ ယခုအခါ ၁၁ မိုင်ခန့်၊ အနံမှာလည်း ယခင်က ၈
မိုင်ရှိခဲ့ရာမှ ယခုအခါ ၄ မိုင်ခန့်သာ ရှိတော့သည်။
အင်းလေးကန် ရေရှည်တည်တံ့ရေး အတွက်
ထိန်းသိမ်းရေးလုပ်ငန်းများကို
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(ယူအင်န်ဒီပီ)ကဦးဆောင်ကာ ဒေသခံများ၊
ပြည်တွင်းအင်န်ဂျီအိုများနှင့်
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။အဆိုပါထိန်းသိမ်းရေးလုပ်ငန်းများ
ဆောင်ရွက်ရန် နော်ဝေနိုင်ငံအစိုးရက
အမေရိကန်ဒေါ်လာနှစ်သန်းခန့်ပံ့ပိုးပေးပြီးယူအင်န်ဒီပီက ဒေါ်လာ ခြောက်သိန်း
ထပ်ဆောင်းကာစုစုပေါင်းအမေရိကန်ဒေါ်လာ နှစ်သန်းခြောက်သိန်းဖြင့် နှစ်နှစ်စီမံမံကိန်း (၂၀၁၂-၁၃) ချမှတ် ဆောင်ရွက်နေပြီဖြစ်သည်။ ယူအင်န်ဒီပီသည် စီမံကိန်း မစတင်မီ
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ခါကနဦးစာရင်းကောက်ယူရေးအဖွဲ့အား စေလွှတ်ကာ
ဒေသနှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များနှင့် ဒေသခံပြည်သူတို့၏
သဘောထားကို ကောက်ယူခဲ့သည်။
လေ့လာရေးအဖွဲ့မှ ရရှိလာသော အချက်အလက်များကို အခြေခံကာ
ဒေသခံအခြေပြုအဖွဲ့အစည်းများနှင့် ပြည်တွင်းအင်န်ဂျီအိုများ၏ ပူးပေါင်း
ပါဝင်မှုဖြင့် ဆောင်ရွက်ခဲ့သည်။
ထို့အပြင် အင်းလေးကန် ဒေသတစ်ဝိုက်အား ဓာတ်မြေသြဇာ ကင်းမဲ့ဇုန် ဖြစ်ရန်
ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ အစိမ်းရောင်ကွန်ရက် နာယက ဦးအုန်းက ၂၀၁၂ ဖေဖော်ဝါရီလအတွင်းက
ပြောကြားခဲ့သည်။ ''ဓာတ်မြေသြဇာ ကောင်းကြောင်း ပြောတဲ့ ပွဲစားတွေ ရှိတယ်။
ဒီလူတွေကို ဖော်ထုတ်ရမယ်။ ဓာတ်မြေသြဇာကြောင့် လူတွေ ဆင်းရဲမွဲတေ နေရတယ်''ဟု
ယင်းပုဂ္ဂိုလ်က ဆိုခဲ့သည်။
ဓာတ်မြေသြဇာကြောင့် တောင်သူ ၈ဝ ရာခိုင်နှုန်းခန့်မှာ ရောဂါရနေ ပြီး
အကျိတ်ထွက်ခြင်း၊ အရေပြား ရောဂါဖြစ်ခြင်း၊ အသက်ရှူ မဝခြင်းများ
ကြုံတွေ့နေရသည့်အတွက် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးကိစ္စ အား လွှတ်တော်ကို
တင်ပြချင်ကြောင်း အစိမ်းရောင်ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်ဇင်က ပြောသည်။
အင်းလေးကန် ကျွန်းမျောများပေါ်၌ ခရမ်းချဉ်သီး စိုက်ပျိုးမှုမှာ
အောင်မြင်နေပြီး ဓာတ်မြေသြဇာ သုံးစွဲမှု မရှိဘဲ သဘာဝအတိုင်း စိုက်ပျိုးရန်
လိုအပ်နေကြောင်း၊ လယ်ယာ လုပ်ငန်းတွင်လည်း သဘာဝမြေသြဇာကိုသာ
သုံးစွဲသင့်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းသူ တစ်ဦးက ဆိုသည်။
ဒီအပြင် အင်းလေးကန်ဒေသခံများအနက် ငွေကြေးတတ်နိုင်သူများမှာ သောက်ရေသန့်များ
ဝယ်ယူသောက်သုံးနိုင်သော်လည်း အများစုမှာမူ ကန်တွင်းရေကိုသာ အားထားနေရသည်ဟု
သိရသည်။
ငါးလုပ်ငန်းဦးစီးဌာန၏ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတရပ်ကလည်း
အင်းလေးကန်ရေ၏ ရှိသင့်သည့် သန့်စင်မှု pH ပမာဏမှာ ရှိသင့်သည်ထက်
မြင့်မားလာနေမှုကြောင့် ဒေသတွင်းရှိ ငါးမျိုးစိတ်များရှင်သန်မှုနှုန်း
ကျဆင်းလာသည်ဟု ဖော်ပြသည်။ အင်းလေးကန်ရေ၏ pH ပမာဏသည် ညောင်ရွှေမှ အင်းလေးကန်သို့အ၀င်
မြောင်းဝကြီးတွင် ၈.၉၊ ရေလယ်ဗိုလ်တဲတွင် ၉.၆၊ ကေလာတွင် ၈.၄၊
မိုင်းသောက်ဧရိယာတွင် ၉.၁၊ နန့်ပန်ဧရိယာတွင် ၈.၉၊ အင်းပေါခုံဧရိယာတွင်
၉.၃၊ ဖောင်တော်ဦးဘုရား ၀န်းကျင်တ၀ိုက်တွင် ၉ ရှိနေကြောင်း အစီရင်ခံစာက
ဆိုသည်။
သောက်သုံးရန် သင့်တော်သော ရေ၏ သန့်စင်မှု pH ပမာဏမှာ ၇ ဖြစ်သည် ။ နွေရာသီ ရောက်ခါနီးအချိန်တွင် အင်းလေးကန်၏ နေရာအချို့တို့၌ ရေပမာဏ
လျော့နည်းလာခြင်း၊ ရေခန်းခြောက်လာခြင်းများ စတင်ကြုံတွေ့နေရကြောင်း
ဒေသခံများက ဆိုသည်။ ရေပမာဏ ဆိုးရွားစွာ လျော့ကျလာပါက ရေထုညစ်ညမ်းမှု ပိုများလာပြီး သောက်သုံးရေအခက်အခဲများ ကြုံလာရမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။
ယခုနှစ်တွင် အင်းလေးကန်သို့ လာရောက်လည်ပတ်လေ့လာသည့် ပြည်တွင်းပြည်ပ ခရီးသွားအရေအတွက်
တိုးလာသကဲ့သို့ ကန်တွင်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များ
တိုးပွားလာခြင်းကြောင်း ကန်တွင်း အညစ်အကြေး ကျရောက်မှု
ပမာဏများလာခြင်းသည်လည်း ကန်ရေညစ်ညမ်းရသည့် အကြောင်းရင်းတရပ်ဖြစ်ကြောင်း
ပညာရှင်များက ထောက်ပြကြသည်။
အင်းလေးကန် ညစ်ညမ်းလာခြင်းမှာ လူဦးရေတိုးလာခြင်း၊ ဟိုတယ်
စားသောက်ဆိုင်များ များလာခြင်း၊ ခရီးသွားလုပ်ငန်းများမှ
စွန့်ပစ်ပစ္စည်းများလာခြင်းတို့ကြောင့် ဖြစ်ကြောင်း ပတ်ဝန်းကျင်
ထိမ်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းက ယမန်နှစ် စက်တင်ဘာလအတွင်းက
လွှတ်တော်တွင် တင်ပြခဲ့သေးသည်။
မည်သို့ပင်ဆိုစေကာမူ ယခုနှစ်မိုးရာသီတွင် ရေပြန်ပြည့်လာနိုင်သော်လည်း ကျန်သည့်လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်သွားမှသာ မြန်မာမှာ အင်းလေးဆိုတာ ကမ္ဘာတည်အောင်ရှိနိုင်မှာ ဖြစ်သည်။ ။

No comments:
Post a Comment